CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀

ဂျူဗင်တပ်စ်အသင်းဟာ ကလပ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကြောင့် ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ၁၅ မှတ် လျှော့ခံထားရတဲ့အပေါ် အယူခံဝင်ထားတာမှာ အီတလီထိပ်တန်းအားကစားအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေရပါတယ်။

အီတလီအားကစားအာမခံဘုတ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ကြားနာမှုပြုလုပ်ခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက်ကို ဂျူဗင်တပ်စ်အသင်းက စောင့်ဆိုင်းနေတာပါ။အီတလီရဲ့ အအောင်မြင်ဆုံး ဘောလုံးအသင်းဖြစ်တဲ့ ဂျူဗင်တပ်စ် အသင်းဟာ ကစားသမားအပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခံရပြီးနောက် ဇန်နဝါရီလမှာ ၁၅ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကို အခုအချိန်မှာ အယူခံဝင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီလိုရမှတ်လျှော့ပြစ်ဒဏ်ကြောင့် ဥရောပဝင်ခွင့်ရနိုင်တဲ့ အဆင့်သတ်မှတ်ချက်ပြင်ပကို ရောက်သွားခဲ့သလို အသင်းရဲ့ ဒါရိုက်တာဟောင်းတွေနဲ့ လက်ရှိဒါရိုက်တာ ၁၁ ဦးသည်လည်း ဘောလုံးလောက ကနေ ပိတ်ပင်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာပါ။ အားကစားအစိုးရရှေ့နေ အူဂိုတောစာက ဘောလုံးရှေ့နေတွေနဲ့ သူ့ရဲ့တရားရုံးတွေဟာ မှန်ကန်စွာလုပ်ဆောင်ခဲ့ကြတယ်လို့ ကြားနာမှုမှာ ပြောခဲ့ပေမယ့် စီရင်ချက်အသစ်မှာ ရမှတ်လျှော့တဲ့ ပြစ်ဒဏ်ကို ထပ်ပြီးအကဲဖြတ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ရှေ့နေ ဘယ်လာကိုဆာက ဇန်နဝါရီလက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ အမှားတွေနဲ့ ပြည့်နေ ပြီး ဒီဆုံးဖြတ်ချက်ကို ပြန်ဖျက်ရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။အီတလီထိပ်သီးကလပ်ဟာ ရမှတ်လျှော့ ပြစ်ဒဏ် ကြောင့် လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့် ၄ နေရာမှာရှိတဲ့ အေစီမီလန်အသင်းနဲ့ ၉ မှတ်ကွာဟနေတာပါ။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ရမှတ် ၁၅ မှတ်သာလျှော့မခံရဘူးဆိုရင် ရမှတ် ၅၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source:ChannelNewsAsia