CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

ပေါ့ဘာက သူ့ကို ဂိုဏ်းအဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်ငွေညှစ်ဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ပြီး နောက် ပြင်သစ်အစိုးရရှေ့နေတွေက တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာဟာ ဇူလိုင်လ ၁၆ ရက်က တူရင်အစိုးရရှေ့နေတွေထံ ကနဦး တိုင်ကြားထားခဲ့တာပါ။ပြီးခဲ့တဲ့လက ပဏာမစုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ပါရီအစိုးရရှေ့နေ ဘက်ကူအူက တရားရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လက်နက်ကိုင်ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲမှု၊ ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုတို့ အပါအဝင် အမည်မသိလူတစ်ဦးအပေါ် စွပ်စွဲချက်တွေကို စစ်ဆေးမယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ အသက် ၂၉ နှစ်အရွယ်ရှိ ပေါ့ဘာဟာ သူ့ရဲ့ရှေ့နေတွေကနေတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင် အစောပိုင်းက ပေါ့ဘာရဲ့အစ်ကိုဖြစ်သူ မာသီးယတ်စ်က သူ့ညီနဲ့ ပတ်သက် တဲ့ အကြောင်းအရာအများအပြားကို ဖွင့်ချသွားမယ်ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဗွီဒီယိုဖိုင်တင်ကာ ကတိပြုခဲ့တာပါ။ မာသီးယတ်စ်ဟာ အသေးစိတ်အချက်အလက်တွေကို မဖော်ပြခဲ့ဘဲ ဒီသတင်းအချက်အလက်ဟာ ပေါက်ကွဲစေနိုင် တဲ့အရာတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပေါ့ဘာရဲ့ တူရင်မှာ တိုင်ကြားမှုပြီးနောက် ပါရီအစိုးရရှေ့နေရုံးဟာ သူတို့ရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုတွေကို သြဂုတ်လ ၃ ရက်က စတင်ခဲ့ကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဘက်ကူအူက ပြောခဲ့တာပါ။ပေါ့ဘာဟာ မတ်လကတည်းက ငယ်သူငယ်ချင်းတွေရဲ့ ခြိမ်းခြောက်ငွေညှစ်မှုကို ခံခဲ့ရတာဖြစ်ပြီး ဒီအဖွဲ့ကို ယူရို ၁ သိန်းပေးခဲ့တယ်လို့ ဒီစုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်ကနေ ထွက်ခွာပြီး အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမယ့် ကစားသမားဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးပဲ အနားယူနေရတာဖြစ်ပါတယ်။

Source:BBC