CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို ရောင်းချတာ ဒါမှမဟုတ် စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေတာကြောင့် ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် နွေရာသီ အပြောင်းအရွှေ့က အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ အလွတ်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တာပါ။

ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ပေါ့ဘာ အသင်းကနေ ထွက်ခွာသွားလို့ ဝမ်းသာနေချိန်မှာ ဂျူဗင်တပ်စ် ပရိသတ်တွေကတော့ ပြင်သစ်ကစားသမားရဲ့ အခြေအနေကို စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိပြီးချိန်ထဲက ခြေစမ်းပွဲ ၁ ပွဲသာ ပါဝင်ကစားထား ရသေးတာပါ။

မွန်ဇာအသင်းကို အရေးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် လူစားလဲ အသုံးပြုခြင်း မခံခဲ့ရပါဘူး။

ဂျူဗင်တပ်စ် အသင်းနည်းပြ အယ်လီဂရီက ပေါ့ဘာဟာ နာကျင်မှု ခံစားရနေတာကြောင့် ဂျူဗင်တပ်စ်အတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးဘူးလို့ ပြောခဲ့ပြီး လာဇီယိုအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါအီတာလီယာဖလား ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာကိုတွေ့ရစဉ်

အဲ့ဒါကြောင့် စီးရီးအေကလပ်ဟာ ပေါ့ဘာကို ရောင်းချတာ ဒါမှမဟုတ် စာချုပ်ဖျက်သိမ်းဖို့အထိ စဉ်းစားလာ ခဲ့တာပါ။

ပေါ့ဘာဟာ အခုအချိန်ထိ ဂျူဗင်တပ်စ်အတွက် ပါဝင်ကစားရခြင်း မရှိသေးပေမယ့် သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပို့စ်အများအပြားကို ဂျူဗင်တပ်စ် အသင်းပရိသတ်တွေက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ကွင်းထဲပြန်လာနိုင်ဖို့ ဝေးကွာနေတဲ့ ပေါ့ဘာကို စောင့်ဆိုင်းနေရတာ ငြီးငွေ့လာကြပါတယ်။ ပေါ့ဘာဟာ ဒူးခွဲစိတ်မှုကြောင့် ပြင်သစ်လက်ရွေစင်း အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို မပါဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စီးရီးအေကလပ်ဟာ ပေါ့ဘာအတွက် ပေါင် ၃၁ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ရပြီး တစ်နှစ်လုပ်ခ ပေါင် ၇ သန်းအပြင် အပိုဆုကြေးတွေနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ရတာ ဖြစ်တဲ့အတွက် အခုအခြေအနေကို စိတ်ပျက် ဒေါသထွက်နေ တယ်လို့ ဂါဇက်တာဒယ်လိုစပေါ့က ဖော်ပြထားပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို ထွက်ခွာခွင့် ပေးမယ်ဆိုရင် သူရနေတဲ့ လစာရဲ့ထက်ဝက်ခန့် တန်ဖိုးရှိ ကစား သမား ၂ ဦးကို ခေါ်ယူလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်အထိ လက်ကျန် ရှင်းတမ်းမှာ ဂျူဗင်တပ်စ် အသင်းဟာ ပေါ့ဘာအတွက် ပေါင် ၂.၉ သန်း ကျော် ပေးခြေခဲ့ရတာပါ။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာ ဒဏ်ရာကြောင့် ပွဲပေါင်း ၁၀၀ ကျော် မပါဝင်နိုင်ခဲ့ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Daily Mail