CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

ဆရီနာဝီလျံဟာ တိုမီအန်နိုဗစ်ကို အရေးနိမ့်ပြီး အမေရိကန်အိုးပန်းပြိုင်ပွဲကို လက်ပြနှုတ်ဆက်ကာ သူ့ရဲ့ ထင်ရှား ကျော်ကြားတဲ့ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်အိုးပန်း တတိယအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဆရီနာဝီလျံဟာ တိုမီအန်နိုဗစ်ကို ၅-၇၊ ၇-၆၊ ၁-၆ နဲ့ အရေးနိမ့်ခဲ့တာပါ။အမေရိကန်နာမည်ကျော်တင်းနစ်မယ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲဟာ သူ့ရဲ့ ကစား သမားဘ၀ နောက်ဆုံးပွဲလို့ ပြောထားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ငိုကြွေးကာ ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဆရီနာဝီလျံက “ကျမကြိုးစားခဲ့ပေမယ့် တိုမီအန်နိုဗစ်က အနည်းငယ်ပိုပြီးကောင်းမွန်ခဲ့ပါတယ်။ အဖေရယ်၊ အမေရယ်အပါအဝင် ဒီမှာရှိတဲ့သူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။သူတို့ဟာ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ ကျမရဲ့ဘက်မှာရှိခဲ့ကြပါတယ်။ဒီမျက်ရည်တွေက ဝမ်းသာလို့ကျတာပါ။ ဗီးနပ်စ် မရှိရင်လည်း ဆရီနာဆိုတာလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့် ဗီးနပ်စ်ကို ကျေးဇူးတင်ပါတယ်။သူမဟာ ဆရီနာဝီလျံရှိခဲ့ဖူးတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ပါပဲ”လို့ ပြောခဲ့တာပါ။

ဆရီနာဝီလျံဟာ အသက် ၁၄ နှစ်အရွယ် ၁၉၉၅ ခုနှစ်ကတည်းက ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲကို စတင် ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။သူမရဲ့ ၂၇ နှစ်ကြာ ကစားသမားဘဝသက်တမ်းမှာ ဂရမ်းဆလမ်းဆုဖလားပေါင်း ၂၃ ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့တာပါ။ဆရီနာကို အနိုင်ရခဲ့တဲ့ တိုမီအန်နိုဗစ်ဟာ အမေရိကန်တင်းနစ်မယ်ရဲ့ ကစားပုံတွေကိုကြည့်ပြီး ကြီးပြင်းလာခဲ့ကာ သူမရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

တိုမီအန်နိုဗစ်က “ကျမလည်း ရှင်တို့လိုပဲ ဆရီနာဝီလျံကို ချစ်တာကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ တင်းနစ် အားကစားလောကမှာ ကျမအတွက် သူလုပ်ပေးခဲ့တာက မယုံနိုင်စရာပါပဲ။ဒါဟာ ကျမအတွက်တော့ ဆန်းကြယ် တဲ့ အခိုက်အတန့်ပါပဲ”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။တိုမီအန်နိုဗစ်ဟာ စတုတ္တအဆင့်မှာ ရုရှားတင်းနစ် မယ် ဆန်ဆိုနိုဗာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆရီနာဝီလျံနဲ့ တိုမီအန်နိုဗစ်တို့ ပွဲကို ပရိသတ်ပေါင်း ၂၄,၀၀၀(နှစ်သောင်းလေးထောင်) နီးပါးတက်ရောက် ကြည့်ရှု ခဲ့ကြပြီး ဒီထဲမှာ နာမည်ကြီးသူတွေအများအပြား ပါဝင်ခဲ့တာဖြစ်ပါတယ်။

Source:DailyMail