CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ကျင်းပနေတဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲ ပထမအဆင့်မှာ အနိုင်ရပြီးနောက် လူငယ်ပြိုင်ဘက် ကားလို့စ်အယ်လ်ကာရတ်ဇ်ရဲ့ ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်ရောက်ရှိ သွားခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ ပထမအဆင့်မှာ ပြင်သစ်တင်းနစ်သမား မူလာကို ၆-ဝ၊ ၆-၂၊ ၆-၃ နဲ့ အနိုင်ရပြီး ဒုတိယအဆင့် ရောက်ရှိသွားခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတာကြောင့် ပြီးခဲ့တဲ့နှစ်က အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ဂျိုကိုဗစ်ဟာ အခုနှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့အတွက် စံချိန်တင်ဂရမ်းဆလမ်းဆုဖလား၂၄ ကြိမ်မြောက်ရယူနိုင်ဖို့ မျှော်လင့်လို့ရပြီဖြစ်တာပါ။

ဂျိုကိုဗစ်ဟာ အခုနှစ်ထဲမှာ ဂရမ်းဆလမ်းပြိုင်ပွဲတွေဖြစ်တဲ့ သြစတြေးလျအိုးပန်းနဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ကားလို့စ်အယ်လ်ကာရတ်ဇ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ကားလို့စ်အယ်လ်ကာရတ်ဇ်ဟာ ဂျိုကိုဗစ်မပါဝင်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အတွက် အခုနှစ်ပြိုင်ပွဲကို ဆီဒင်သတ်မှတ်ချက် ၁ အဖြစ်သတ်မှတ်ခြင်းခံထားရတာပါ။

ဂျိုကိုဗစ်နဲ့ ကားလို့စ်အယ်လ်ကာရတ်ဇ်တို့ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ရေပန်း အစားဆုံး အဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ဒီပြိုင်ပွဲမှာ ဆီဒင်သတ်မှတ်ချက်ထိပ်ဆုံး ၂ ဦး အဖြစ် သတ်မှတ်ခံထားရတာကြောင့် ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိမှသာ တွေ့ဆုံနိုင်မယ်လို့ သိရပါတယ်။ ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု ၃ ကြိမ်ရရှိထားပြီး ၂၀၁၈ ခုနှစ်က ပြိုင်ပွဲမှာ နောက်ဆုံး ရရှိခဲ့တာပါ။

အသက် ၂၀ နှစ်အရွယ်ရှိ ကားလို့စ်အယ်လ်ကာရတ်ဇ်ကတော့ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံ ဆုရရှိခဲ့တဲ့ ၁ ကြိမ်သာအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။

Source:BBC