CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံး(PFA)ကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ရရှိသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိတိုက်စစ်မှူးဟာ မန်စီးတီးအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံသွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာပါ။ ဟာလန်းဟာ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းဖော်တွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ဂျွန်စတုန်းစ်၊ အာဆင်နယ်အသင်းက ဆာကာနဲ့ အိုဒီဂတ်၊ စပါးအသင်းကစားသမားဟောင်း ဟာရီကိန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ဟာလန်းက “ဒီလိုဂုဏ်ထူးဆောင်ဆုကို ရယူနိုင်ခဲ့တာက ဂုဏ်ယူစရာပါပဲ။ ပြိုင်ဘက်တွေရဲ့ အသိအမှတ်ပြု ခံရတာက အလွန်ကောင်းမွန်တဲ့ခံစားချက်ဖြစ်ပြီး ကျနော့်ကို မဲပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီဟာ ကျနော့်အတွက်ရော အသင်းအတွက်ပါ မမေ့နိုင်တဲ့ရာသီပါ။ ဆုဖလား ၃ လုံး ကိုရယူနိုင်ဖို့က ကျနော်ဘယ်တုန်းကမှ စိတ်ကူးထဲတောင် မတွေးဖူးတဲ့အရာဖြစ်ပါတယ်။ အခုနှစ်မှာလည်း မနှစ်ကလိုပဲ ထပ်ပြီးလုပ်ချင်ပါတယ်” လို့ ဆုယူအပြီးမှာ ပြောခဲ့တာပါ။

တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာက ရရှိခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁၅ ဂိုးအထိ သွင်းယူပြီး အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့အတွက် အနီးစပ်ဆုံးအခြေအနေအထိ ရောက်ရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ 

အဲဒါကြောင့်လည်း ဆာကာဟာ ဟာလန်း၊ ကိုင်စီဒို၊ ရမ်ဆေး၊မာတင်နယ်လီနဲ့ အီဗန်ဖာဂူဆန်တို့ကို အနိုင်ရပြီး ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က ရရှိသွားခဲ့တာပါ။

PFA ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားတွေကသာ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဂိုးသမားအဖြစ် ရမ်စဒေးလ်၊နောက်တန်းမှာ ထရစ်ပီယာ၊ ရူဘင်ဒီယက်ဇ်၊ဂျွန်စတုန်းစ်နဲ့ ဆာလီဘာ၊ ကွင်းလယ်မှာ ဒီဘရိုင်း၊ရိုဒရီနဲ့ အိုဒီဂတ်၊ ရှေ့တန်းမှာ ဆာကာ၊ ဟာလန်းနဲ့ ဟာရီကိန်းတို့ ပါဝင်ခဲ့ ကြတာဖြစ်ပါတယ်။

PFA အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ရီချယ်ဒါလီက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ချယ်လ်ဆီးအသင်းတောင်ပံကစားသမား လော်ရန်ဂျိမ်းစ်က ရရှိသွားခဲ့ပါတယ်။

Source:BBC