CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
ပေါ်တူဂီကွင်းလယ်လူ မာသီးယက်စ်နူနက်စ်ဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် ဝုလ်ဗ်စ် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
မန်စီးတီးအသင်းဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် မာသီးယက်စ်နူနက်စ်ကို ပေါင် ၄၇ သန်းနဲ့ ကမ်းလှမ်း ခဲ့တာကို ဝုလ်ဗ်စ်အသင်းက ပယ်ချထားတာပါ။ ဝုလ်ဗ်စ်အသင်းဟာ မာသီးယက်စ်နူနက်စ်အတွက် ပြောင်းရွှေ့ ကြေး ပေါင်သန်း ၆၀ ကျော်အလိုရှိနေတာကြောင့် မန်စီးတီးအသင်းဆီကနေ နောက်ထပ်ကမ်းလှမ်းမှုတွေထပ်ပြီး ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ပေါ်တူဂီကစားသမားကတော့ သူထွက်ခွာချင်တယ်ဆိုပြီး ဝုလ်ဗ်စ်အသင်းကို ပြောထားသလို အသင်းနဲ့ လေ့ကျင့်မှု လည်း လာရောက်ပြုလုပ်ခြင်းမရှိဘူးလို့ The Athletic က ဖော်ပြထားတာပါ။ ဝုလ်ဗ်စ်အသင်းက လေ့ကျင့်ရေး ကွင်းကို လာရောက်ခဲ့ခြင်းမရှိတဲ့ မာသီးယက်စ်နူနက်စ်ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေပြုလုပ်သွားမယ် လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ဝုလ်ဗ်စ်အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ မာသီးယက်စ်နူနက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဝုလ်ဗ်စ်အသင်း ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှင်သန်နိုင်အောင် အဓိကခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေထဲကတစ်ဦးလည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာ မာသီးယက်စ်နူနက်စ်အတွက် ဝုလ်ဗ်စ်အသင်း လက်ခံနိုင်မယ့် ကမ်းလှမ်းမှုပြုလုပ်ပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ မာသီးယက်စ်နူနက်စ်ဟာ ဝုလ်ဗ်စ်အသင်းအတွက် ၄၁ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားပါတယ်။
Source:Goal