CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူအတွက် ရိုးမားအသင်းက ကမ်းလှမ်းတဲ့ အငှားခေါ်ယူကြေး ပေါင် ၅ သန်းကို လက်ခံလိုက်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်ဖို့ သဘောတူညီမှုရရှိသွားပြီလို့ The Telegraph က ဖော်ပြ ထားပါတယ်။

လူကာကူဟာ ရိုးမားအသင်းထံ အခုရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး လုပ်ခလစာအဖြစ် ပေါင် ၆ သန်းရရှိမှာပါ။ ချယ်လ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့တဲ့ လူကာကူကို ရောင်းချဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့ပြီးဆုံးဖို့ နီးကပ်လာတဲ့အတွက် အငှားချဖို့သာ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အင်တာမီလန်၊ဂျူဗင်တပ်စ်၊ ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်း တွေနဲ့ သတင်းတွေထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။

အဲဒါကြောင့် တိုက်စစ်ကစားသမားလိုအပ်ချက်ရှိနေတဲ့ ရိုးမားအသင်းက လူကာကူကို ခေါ်ယူဖို့ ချယ်လ်ဆီး အသင်းထံ ချိတ်ဆက်မှုပြုလုပ်ခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ဆရာဟောင်း မော်ရင်ဟိုရှိတဲ့အသင်းထံ ပြောင်းရွှေ့ချင်ခဲ့တာပါ။ ချယ်လ်ဆီးနဲ့ ရိုးမားအသင်းတို့ဟာ လူကာကူရဲ့ အငှားအပြောင်းအရွှေ့အတွက် ဆွေးနွေးမှု တွေပြုလုပ်အပြီးမှာ သဘောတူညီမှုရရှိသွားခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ အငှားခေါ်ယူကြေးအပြင် လူကာကူရဲ့ လုပ်ခလစာကိုပါ ပေးချေရမှာပါ။

လူကာကူဟာ ရိုးမားအသင်းနဲ့ အငှားစာချုပ်ပြည့်ပြီး ချယ်လ်ဆီးအသင်းထံ ပြန်ရောက်လာခဲ့မယ်ဆိုရင် သူ့ရဲ့ လုပ်ခလစာကိုလျှော့ပြီးယူဖို့လည်း သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ နည်းပြ မော်ရင်ဟိုရဲ့ လက်အောက် ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့တုန်းက ၇၆ ပွဲမှာ ၃၃ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ပေါ်တူဂီလူမျိုးနည်းပြက သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်လည်ရရှိအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတာပါ။

ရိုးမားအသင်းဟာ အခုရာသီ စီးရီးအေ ၂ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်သာရရှိထားပြီး ရလဒ်ဆိုးနေတာကြောင့် လာမယ့် အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Source:Goal