CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
စပိန်ကွင်းလယ်လူ ဟာမိုဆိုကို နမ်းခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်က ရူဘီယာလက်စ်ကို ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ဖို့တောင်းဆိုပြီးနောက် ဖီဖာကလည်း ဘောလုံးနဲ့ ပတ်သက်ခွင့် ၁၅ နှစ်ကြာပိတ်ပင်ဖို့ စီစဉ်နေပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေဟာ ရူဘီယာလက်စ်ကို ရာထူးကနေ ချက်ချင်းနုတ်ထွက်ဖို့ တောင်းဆိုခဲ့ တာဖြစ်ပြီး သူ့ရဲ့ လက်ခံနိုင်စရာမရှိတဲ့ အပြုအမူဟာ စပိန်ဘောလုံးလောကကို ဆိုးရွားစွာထိခိုက်နိုင်စေတယ်လို့ ပြောခဲ့တာပါ။ အစောပိုင်းက စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ရူဘီယာလက်စ်ဘက်ကနေ ရပ်တည်ခဲ့ပေမယ့် ဖီဖာက စပိန်လက်ရွေးစင်တွေနဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်နိုင်တယ်လို့ ပြောခဲ့တာကြောင့် ဆုံးဖြတ်ချက် ပြန်ပြောင်းခဲ့တာဖြစ်ပါတယ်။
ဖီဖာဟာ ရူဘီယာလက်စ်ကို ၁၅ နှစ်ကြာအထိ ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ သတင်းရင်းမြစ်က Mail Sport ကို ပြောခဲ့တာပါ။ ဖီဖာဟာ ပြီးခဲ့တဲ့အပတ်ကမှ ရူဘီယာလက်စ်ကို ရက်ပေါင်း ၉၀ ကြာဘောလုံးနဲ့ ပတ်သက်ခွင့်ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ထားတာဖြစ်ပါတယ်။ စပိန် ဘောလုံး အဖွဲ့ချုပ်ဟာ စပိန်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ကလပ်အသင်းတွေကို ဥရောပပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဖီဖာက စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေခဲ့တာကြောင့် စပိန် ဘောလုံး အဖွဲ့ချုပ်ရဲ့တောင်းဆိုမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့တာပါ။ အဲဒါကြောင့် စပိန်ဘောလုံး အဖွဲ့ချုပ် အကြီးအကဲတွေဟာ သြဂုတ် ၂၈ ရက်က ၅ နာရီကျော်ကြာအစည်းအဝေးပြုလုပ်ပြီးနောက် ရူဘီယာလက်စ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဖီဖာရဲ့ ဥပဒေတွေကို စပိန်ဘောလုံးအဖွဲ့ချုပ်က လက်မခံဘူးဆိုရင်တော့ ဖီဖာနဲ့ ဆက်စပ်တဲ့ ပြိုင်ပွဲတွေမှာ စပိန်လက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေအားလုံးယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရနိုင်တာပါ။ ဒီလိုပိတ်ပင်မယ်ဆိုရင် ဥရောပဘောလုံးအဖွဲ့ချုပ်အတွက်လည်း ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။
ရူဘီယာလက်စ်ရဲ့ မိခင်ကတော့ သားဖြစ်သူအပေါ်စွပ်စွဲချက်တွေကို ဘုရားကျောင်းတစ်ခုမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source:DailyMail