CNI Sport Article 

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

စပိန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲအပြီး ဆုပေးပွဲစင်မြင့်ပေါ်မှာ စပိန်အသင်းကွင်းလယ်လူ ဟာမိုဆိုရဲ့နှုတ်ခမ်းကို စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ရူဘီယာလက်စ်က နမ်းခဲ့တဲ့ သတင်းဟာ ဆုဖလားအောင်ပွဲခံခဲ့တဲ့ စပိန်အသင်းရဲ့ သတင်းတွေကို ဖုံးလွှမ်းသွားခဲ့တာပါ။

အခုဆိုရင် လူတိုင်းက ဒီအဖြစ်အပျက်အကြောင်းကို ပြောနေကြပြီး အားကစားသတင်း စာမျက်နှာတွေမှာလည်း ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေက နေရာယူနေတာ ဖြစ်ပါတယ်။ 

စပိန်အသင်းနဲ့ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ ဂိုးသမား ကာတာလီနာက ဒီအဖြစ်အပျက်က သူမတို့ရဲ့ အောင်ပွဲကို ဖုံးလွှမ်းသွားတဲ့အတွက် အလွန်စိတ်ပျက်မိတယ်လို့ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။

 ကာတာလီနာကို ဖက်နေတဲ့ ရူဘီယာလက်စ်ကို တွေ့ရစဉ်

ကာတာလီနာက "ဘောလုံးသမားတွေဟာ လူတွေရဲ့ အာရုံစိုက်ခြင်း မခံရလို့ ကျမတို့ စိတ်မကောင်း ဖြစ်မိပါ တယ်။ အခုလမ်းပေါ်ထွက်ပြီး ရပ်နေတဲ့သူတိုင်းက ရူဘီယာလက်စ်ရဲ့ အဖြစ်အပျက်ကို ပြောနေပြီး ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်လို့ မပြောတာကို ကျမစိတ်ပျက်မိပါတယ်"လို့ ပြောပါတယ်။

ကာတာလီနာက သူမ အခုလို ပြောနေပေမယ့် ဟာမိုဆိုရဲ့ဘက်မှာ ရှိနေတယ်လို့လည်း ပြောခဲ့တာပါ။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က နှစ်ဦးသဘောတူ ကြည်ကြည်ဖြူဖြူနဲ့ နမ်းခဲ့တဲ့အတွက် သူ့ရဲ့ ရာထူးကနေ မနုတ်ထွက်နိုင်ဘူးလို့ အခိုင်အမာ ပြောထားခဲ့တာ ဖြစ်ပါတယ်။ စပိန်အစိုးရရှေ့နေတွေကတော့ ဒီဖြစ်ရပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုလားဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ကာတာလီနာ အပါအဝင် စပိန်ကစားသမားတွေဟာ ဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ဂုဏ်ယူဖို့ ကောင်းတဲ့ အခိုက်အတန့်တွေဟာ မေ့ပျောက်နေသလို ခံစားရနေကြရပါတယ်။

ကာတာလီနာ စပိန်အသင်းအတွက် ကစားနေစဉ်

ကာတာလီနာက "ကျမရဲ့အိမ်ရှိတဲ့ မာယော့ကာမှာ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နွေးထွေးတဲ့ ဧည့်ခံ မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ကျမတို့ရဲ့ အောင်မြင်မှုတွေအတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတာ တွေနဲ့ ပတ်သက်ပြီး ကျမအတွက် စိတ်မကောင်းဖြစ်ရတဲ့ အစိတ်အပိုင်းတွေလည်း ရှိပါတယ်။ ကျမဟာ ဒီ အကြောင်းတွေကို မပြောချင်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျမဘယ်လိုတွေ လုပ်ခဲ့လဲဆိုတာကို ပြောပြချင်တာပါ"လို့ ပြောပါတယ်။
ကာတာလီနာဟာ စပိန်သက်တမ်းလိုက် အသင်းတွေဖြစ်တဲ့ ယူ-၁၇၊ ယူ-၁၉ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှု တွေကို ရယူနိုင်ခဲ့ပြီး အခု အသက် ၂၂ နှစ်အရွယ်မှာ လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဆုကို ကိုင်မြှောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ကာတာလီနာဟာ ရူဘီယာလက်စ် ရာထူးက မနုတ်ထွက်မချင်း စပိန်လက်ရွေးစင် အသင်းအတွက် ပါဝင် မကစားမယ့် သူတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

ရူဘီယာလက်စ် စပိန်ဘောလုံးအဖွဲ့ချုပ်မှာ ဆက်ပြီး တာဝန်ယူနေမယ်ဆိုရင် ဟာမိုဆိုနဲ့အတူ ကစားသမား ၈၁ ဦး ဟာ နိုင်ငံအသင်းအတွက် ပါဝင်ကစားတော့မှာ မဟုတ်ဘူးလို့ လက်မှတ် ရေးထိုးထားတာ ဖြစ်ပါတယ်။ 

စပိန်အသင်းသားတွေကိုတွေ့ရစဉ်

ကာတာလီနာက "ကျမတို့ အချင်းချင်း အဆက်အသွယ်တွေ ရှိပါတယ်။ ဟာမိုဆို ဆုံးဖြတ်သမျှ သူမဘက်ကနေ ရပ်တည်သွားမယ်လို့ ကျမတို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ဒါကို ကျမတို့လုပ်ခဲ့တာပါ။ ဒါက ကျမတို့ ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဒါကအတည်ဖြစ်ပါတယ်။ အခုအချိန်က ဟာမိုဆိုအတွက်လည်း မလွယ်ကူတဲ့ အခြေအနေ ဖြစ်ပြီး သူမအတွက် ဘယ်လောက် ခက်ခဲမယ်ဆိုတာကို ကျမတွေးကြည့်လို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ သူ့အနားမှာ ရှိနေပါတယ်"လို့ ပြောခဲ့တာပါ။
ဒီအရှုပ်တော်ပုံဟာ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အာရုံစိုက်မှု အများအပြားကို ရရှိခဲ့ပြီး လူအများအပြားက ရူဘီယာလက်စ် ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ 

ကာတာလီနာက ဒီအဖြစ်အပျက်ကို အမြန်ဆုံး ဖြေရှင်းစေချင်နေပြီး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့တာပါ။ 

ကာတာလီနာက "ကျမတို့ ဆုဖလားတွေကို ဆက်ပြီး ရယူချင်ပါတယ်။ ကျမတို့က ဘောလုံးသမားတွေ ဖြစ်တဲ့ အတွက် ဘောလုံးကစားချင်ပါတယ်။ ဒါက ကျမတို့ နှစ်သက်တဲ့ အရာတွေပါ။ ကျမတို့ရဲ့ အခွင့်အရေးတွေကို လေးစားဖို့လိုအပ်ပြီး ဒီလိုမျိုးထပ်ပြီး မဖြစ်ချင်ပါဘူး"လို့ ပြောခဲ့ပါတယ်။ 

အသက် ၂၂ နှစ်အရွယ်ရှိ ကာတာလီနာဟာ ဘာစီလိုနာအသင်းမှာ ကစားနေပြီး ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ပြည်တွင်း ဆုဖလား အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC