CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

စပိန်အသင်းဟာ စက်တင်ဘာလထဲမှာကစားမယ့် ဂျော်ဂျီယာ၊ဆိုက်ပရပ်စ်အသင်းတို့နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အတွက် ဘာစီလိုနာအသင်းရဲ့ အသက် ၁၆ နှစ်အရွယ်ရှိ ယာမဲလ်ကို လူစာရင်းမှာ ရွေးချယ်ခဲ့ပါတယ်။

ယာမဲလ်ဟာ စပိန်သက်တမ်းလိုက်အသင်းတွေဖြစ်တဲ့ ယူ-၁၅၊ ယူ-၁၆၊ယူ-၁၇ နဲ့ ယူ-၁၉ အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး လက်ရွေးစင်အသင်းလူစာရင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရတာပါ။ ဆယ်ကျော်သက် ကစားသမားဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းကြီးအတွက် လာလီဂါပွဲစဉ် ၃ ပွဲစလုံးပါဝင် ကစားခွင့်ရထားတာ ဖြစ်ပါတယ်။ ယာမဲလ်ဟာ ပွဲစဉ် ၂ ပွဲကို ပွဲထွက်ခွင့်ရခဲ့ပြီး ဗီလာရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။

ယာမဲလ်ရဲ့ဖခင်ဟာ မော်ရိုကိုနိုင်ငံသားဖြစ်တဲ့အတွက် ကစားသမားဟာ မော်ရိုကိုလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားလို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်လက်ရွေးစင်အသင်းနည်းပြ ဒီလာဖူအန်တီက ယာမဲလ်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ စပိန်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာမယ်လို့ ယုံကြည်နေတာပါ။

ဒီလာဖူအန်တီက “သူဟာ လူငယ်အသင်းတွေမှာ ကစားခဲ့တုန်းကလည်း ကောင်းမွန်သလို ထူးခြားတဲ့ စွမ်းရည် ရှိတဲ့သူပါ။ ကျနော် ဘာစီလိုနာမှာ သူနဲ့တွေ့ဆုံခဲ့ပြီး သူဟာ ကွဲပြားခြားနားပါတယ်။ ကျနော်တို့ဟာ ကစားသမား တွေကို ရွေးချယ်တာမှာ အသက်အရွယ်ကိုမကြည့်ဘဲ စွမ်းဆောင်ရည်ကိုပဲ ကြည့်ပါတယ်။ သူဟာ အမြင့်ဆုံး အဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ပြောခဲ့ပါတယ်။

ယာမဲလ်ဟာ ဂျော်ဂျီယာ ဒါမှမဟုတ် ဆိုက်ပရပ်စ်အသင်းနဲ့ ပွဲစဉ်မှာ စပိန်အသင်းအတွက် ပါဝင်ကစားခွင့်ရမယ် ဆိုရင် လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်မှာပါ။ အရင်က ယာမဲလ်ရဲ့ ဘာစီလိုနာအသင်းဖော် ဂါဗီက အသက် ၁၇ နှစ်၊ ၆၂ ရက်နဲ့ ဒီစံချိန်မှတ်တမ်းကို တင်ထားတာဖြစ်ပါတယ်။

စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အုပ်စုတွင်းအဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source:BBC