CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇
စပိန်ကြယ်ပွင့် ယာမဲလ်ဟာ အသင်းရဲ့ အထင်ကရ ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၁၀ အင်္ကျီကို ဝတ်ဆင်မယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။
အသက် ၁၈ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ယာမဲလ်ဟာ မိုနာကိုအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွား ခဲ့တဲ့ အန်ဆုဖာတီဆီကနေ ကျောနံပါတ် ၁၀ အမွေအနှစ်ကို ဆက်ခံမှာပါ။
ယာမဲလ်ဟာ ပြီးခဲ့တဲ့လက ဘာစီလိုနာအသင်းမှာ ၂၀၃၁ ခုနှစ်အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ကျောနံပါတ် ၁၀ ကို ၂၀၀၈ ကနေ ၂၀၂၁ ခုနှစ်အထိ ဝတ်ဆင်ခဲ့ပြီး အသင်းရဲ့ ဂန္ထဝင် တစ်ဦးအဖြစ်နဲ့ ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။
မက်ဆီထွက်ခွာပြီးနောက် အန်ဆုဖာတီဟာ သူ့ရဲ့ကျောနံပါတ် ၁၀ အမွေအနှစ်ကို ဆက်ခံခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ပွဲကစားခွင့်ဆုံးရှုံးခဲ့ပြီး နောက်ဆုံးမှာ အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့ရပါတယ်။
ယာမဲလ်ကတော့ နံပါတ် ၁၀ ဟာ သူ့အတွက် ဖိအားမရှိဘဲ ဒီနံပါတ်ကို ဝတ်ဆင်ခဲ့တဲ့ သူတွေရဲ့ အမွေအနှစ်တွေကို ဆက်ပြီးထိန်းသိမ်းဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ယာမဲလ်ကို တွေ့ရစဉ်
ယာမဲလ်က “ငယ်ငယ်ကတည်းက ကျနော့်ရဲ့အိပ်မက်က ဘာစီလိုနာအသင်းအတွက် ပွဲထွက်ပြီး ကြီးပြင်းလာဖို့နဲ့ နံပါတ် ၁၀ ဝတ်ဆင်ပြီးကစားဖို့ပါ။ ဘာစီလိုနာမှာ မွေးတဲ့ကလေးတိုင်းက ဒါကို အိပ်မက်မက်ကြပါတယ်။ မက်ဆီ က သူ့ရဲ့ပုံစံနဲ့ အကောင်းဆုံး လုပ်ခဲ့သလို ကျနော်လည်း ကျနော့်ရဲ့ပုံစံနဲ့ပဲ အကောင်းဆုံးလုပ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ ကျောနံပါတ် ၄၁ ဝတ်ဆင်ခဲ့ပြီး၊ နောက်ပိုင်းမှာ ကျောနံပါတ် ၂၇ ဝတ်ဆင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီမှာတော့ ယာမဲလ်ဟာ ကျောနံပါတ် ၁၉ ဝတ်ဆင်ခဲ့ပြီး ရာသီသစ်မှာ ကျောနံပတ် ၁၀ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းအတွက် ၁၀၆ ပွဲ ကစားထားပြီး ၂၅ ဂိုးသွင်းယူကာ လာလီဂါဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့တာပါ။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသက် ၁၈ နှစ်ပြည့် မွေးနေ့ပါတီ ကျင်းပခဲ့တာမှာ မသန်စွမ်းမှုဆိုင်ရာ ဥပဒေ တွေကို ချိုးဖောက်နိုင်ဖွယ်ရှိတဲ့ စွပ်စွဲချက်တွေနဲ့ စပိန်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခံနေရပါတယ်။
ယာမဲလ်က သူဟာ ဘာစီလိုနာအသင်းအတွက် အလုပ်လုပ်ပေမယ့် လေ့ကျင့်ရေးစင်တာနဲ့ ဝေးကွာတဲ့အချိန်မှာ သူ့ရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN