CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ အာဆင်နယ်အသင်း ခေါင်းဆောင်ဟောင်း ရှာခါကို လေဗာကူဆင်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Sacha Tavolieri က ဂျာမနီမှာ ၂ နှစ်ကြာ ကစားပြီးနောက် နွေရာသီမှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ရှာခါကို ခေါ်ယူဖို့ ဆန်းဒါးလန်းအသင်းက ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဆန်းဒါးလန်းအသင်းဟာ လေဗာကူဆင်အသင်းနဲ့ ဆက်သွယ်မှု ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း၊ ရှာခါကို ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ရှာခါကို ခေါ်ယူဖို့ ဆန်းဒါးလန်းအသင်း အပါအဝင် အသင်းအချို့ကလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြတာပါ။
ရှာခါဟာ လုပ်ခလစာ အများအပြားရရှိမယ့် ဆော်ဒီကလပ် နီယွန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။
အေစီမီလန်အသင်းကလည်း လေဗာကူဆင်အသင်းနဲ့ ဆွေးနွေးမှုမှာ တိုးတက်မှု မရှိပေမယ့် ရှာခါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ရှာခါကို တွေ့ရစဉ်
ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းပြန်တက်ပြီးနောက် အသင်းကို အားဖြည့်မှုတွေ အများကြီး ပြုလုပ်နေတာဖြစ်ပါတယ်။
အန်ဇိုလီဖီးကို အပြီးသတ် ခေါ်ယူခဲ့သလို ဟာဘစ်ဒီယာရာ၊ ဆာဒီကီ၊ ရီနယ်လ်ဒို၊ တာလ်ဘီနဲ့ အဒင်ဂါရာတို့ကို ခေါ်ယူထားတာပါ။
ဆန်းဒါးလန်းအသင်းဟာ လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်ကို ဒေါ့မွန်အသင်းထံ ရောင်းချထားပါတယ်။
အဲဒါကြောင့် ဆန်းဒါးလန်းအသင်း အနေနဲ့ ရှာခါကို ခေါ်ယူနိုင်မယ်ဆိုရင် သူ့ကို ဘယ်လင်ဂမ် နေရာ အစားထိုး နိုင်မှာပါ။
လေဗာကူဆင်အသင်းအတွက် ၉၉ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထားတဲ့ ရှာခါဟာ အသင်းကို ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံ၊ ပိုကယ်ဖလားနဲ့ စူပါဖလားရရှိအောင် ကူညီပေးထားနိုင်ပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal