CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉

ချယ်လ်ဆီးအသင်းဟာ စထရာဘောင်းအသင်း တိုက်စစ်မှူး အီမီဂါကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အစီအစဉ် မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ချယ်လ်ဆီးအသင်းက နယ်သာလန်ကြယ်ပွင့် အီမီဂါဟာ ၂၀၂၆ ခုနှစ်ထဲမှာ အသင်းထံ ပြောင်းရွှေ့လာမယ်လို့ အခုနှစ် အစောပိုင်းက ကြေညာထားတာပါ။ 

ဒါပေမယ့် အီမီဂါဟာ ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာ စထရာဘောင်းအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ လာမလားဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ 

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒီလပ်ဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ ပခုံးဒဏ်ရာရခဲ့တာ ကြောင့် အီမီဂါနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူး ဒီလပ်ဟာ ပခုံးဒဏ်ရာကြောင့် လပေါင်းများစွာကြာ အနားယူရနိုင်တဲ့အတွက် ချယ်လ်ဆီး အသင်းဟာ အီမီဂါကို ဇန်နဝါရီမှာ ခေါ်ယူနိုင်တယ်လို့ သတင်းထဲမှာ ဖော်ပြထားတာပါ။ 

ဒေးလီးမေးလ်ကတော့ ချယ်လ်ဆီးအသင်းဟာ ၂၀၂၆-၂၇ ရာသီမတိုင်မီ အီမီဂါကို အသင်းလူစာရင်းထဲ ထည့်သွင်းဖို့ အစီအစဉ် မရှိဘူးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

အီမီဂါကိုတွေ့ရစဉ်

အီမီဂါဟာ စထရာဘောင်းအသင်းနဲ့ ပြဿနာအချို့ ရှိနေပေမယ့် အသင်းကို လီဂူး-၁ နဲ့ ကွန်းဖရန့်လိဂ် ပြိုင်ပွဲမှာ ကူညီမှုတွေ ပြုလုပ်ပေးဖို့ ပြင်သစ်မှာ ဆက်ပြီးရှိနေမှာပါ။ 

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းမှာ ဂျော်အိုပက်ဒရို၊ မာခ့်ဂီအူ၊ တိုင်ရစ်ဂျော့ချ်၊ နက်တိုတို့နဲ့ပဲ ဆက်သွားဖို့ ရှိနေပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ နံပါတ် ၉ နေရာမှာ အစားထိုးဖို့ ကစားသမားတွေ အများကြီးရှိပေမယ့် လက်ရှိ ရှိနေတဲ့ သူတွေထဲက ဘယ်သူကမှ ဒီနေရာကို အပိုင်ရယူနိုင်ဖို့ လုပ်နိုင်ခဲ့ခြင်း မရှိတာပါ။ 

ဂျော်အိုပက်ဒရိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်းအသင်းကနေ ပြန်လည်ခေါ်ယူခြင်း ခံထားရတဲ့ မာခ့်ဂီအူကတော့ ၈ ပွဲကစားထားပြီး ၁ ဂိုး သွင်းယူ ထားကာ တိုင်ရစ်ဂျော့ချ်က ၁၀ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးထားတာပါ။ 

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးသစ် ထပ်ပြီးခေါ်ယူဖို့ထက် အသင်းမှာရှိနေတဲ့ သူတွေကို ထောက်ခံဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ 

Source: Sportsmole