CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၅
လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်း ကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖလော်ရီယန်ဗစ်ဇ်ဟာ ဘွန်ဒက်လီဂါ နှစ်ရာသီမှာ ၂၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ်ပြုလုပ်ကာ လေဗာကူဆင် အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တာပါ။
ဂျာမနီကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အချို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က သတင်းတွေမှာ ဖလော်ရီယန်ဗစ်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်အတွက် လေဗာကူဆင်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။
ဖလော်ရီယန်ဗစ်ဇ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရက်ပိုင်းက ဖလော်ရီယန်ဗစ်ဇ်ရဲ့ မိဘတွေဟာ အင်္ဂလန်ကို လာရောက်ချိန် မန်စီးတီးအသင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။
ဒီအချိန်မှာ Kicker၊ Bild နဲ့ ဂျာမနီမီဒီယာတွေက ဖလော်ရီယန်ဗစ်ဇ်နဲ့ သူ့ရဲ့မိဘတွေဟာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး အန်ဖီးလ်ထံ ပြောင်းရွှေ့ဖို့ အလားအလာကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်ကို နွေရာသီမှာ ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ တောင်းဆိုထားတာပါ။
လီဗာပူးလ်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်အပြင် လေဗာကူဆင်အသင်းက ဖရင်ပေါင်ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၅ သန်းရှိတဲ့ ဖရင်ပေါင်ကို အာနိုးလ်ရဲ့နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာပါ။
လေဗာကူဆင်အသင်းဟာ ရာသီကုန်မှာ နည်းပြဇာဘီအလွန်ဆိုကို ထွက်ခွာခွင့် ပေးရမှာဖြစ်သလို နွေရာသီမှာ အဓိက ကစားသမားအချို့ကို ဆုံးရှုံးရဖွယ်ရှိနေလို့ နည်းပြသစ်နဲ့ ကစားသမားတွေ ပြန်လည်အားဖြည့်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Source: Metro