CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၅
ဘိုလော့ဂ်နာအသင်းဟာ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ အေစီမီလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ဘိုလော့ဂ်နာအသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၅၃ မိနစ်မှာ အန်ဒိုယီက သွင်းယူခဲ့ တာပါ။
ဒီဆုဖလားဟာ ဘိုလော့ဂ်နာအသင်းအတွက် ၁၉၇၄ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၅၁ နှစ်အကြာမှ ပထမဆုံးရရှိတဲ့ အဓိကဆုဖလား ဖြစ်ပါတယ်။
ဘိုလော့ဂ်နာအသင်းဟာ ကိုပါအီတာလီယာဖလားကို တတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
ဘိုလော့ဂ်နာအသင်းဟာ ကိုပါအီတာလီယာဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ရလဒ်တွေ မကောင်းဖြစ်နေတဲ့အပြင် ဆုဖလားပါ လက်လွှတ်ခဲ့ ရတာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့် ရယူနိုင်ဖို့ ရုန်းကန်ရတော့မှာပါ။
ဘိုလော့ဂ်နာနဲ့အေစီမီလန် ယှဉ်ပြိုင်နေစဉ်
ဘိုလော့ဂ်နာအသင်းနည်းပြ ဗင်ဆန်ဇိုဟာ ပြီးခဲ့တဲ့နှစ်ရာသီက ဖီအိုရင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲ ၃ ကြိမ် ယှဉ်ပြိုင် ခဲ့ရပေမယ့် အရေးနိမ့်ခဲ့ပြီး အခုဆုဖလားဟာ သူ့ရဲ့နည်းပြဘဝမှာ ပထမဆုံး အဓိကဆုဖလားလည်း ဖြစ်ပါတယ်။
ဗင်ဆန်ဇိုက “ကျနော်တို့ဟာ ဒီပွဲမှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့တဲ့အတွက် ဒီဆုဖလားဟာ ကျနော်တို့နဲ့ ထိုက်တန် ပါတယ်။ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ ကျနော်တို့ဟာ ဆုဖလားနဲ့အတူ မယုံနိုင်စရာ နှစ်တစ်နှစ်ကို ဖြတ်သန်းနိုင်ခဲ့ပြီး ကျနော်တို့ ပရိသတ်တွေနဲ့ ထိုက်တန်ပါတယ်”ပြောခဲ့တာပါ။
အေစီမီလန်အသင်းနည်းပြ ကွန်ဆီကာအိုဟာ ဗိုလ်လုပွဲမှာ အသင်းအရေးနိမ့်ခဲ့တဲ့ ရလဒ်ကြောင့် ရာသီကုန်မှာ ထွက်ခွာရဖွယ်ရှိတဲ့ ဖိအားတွေကို ခံစားနေရပါတယ်။
ကွန်ဆီကာအိုက ဘိုလော့ဂ်နာအသင်းကို ဂုဏ်ပြုခဲ့ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရာသီကို အဆုံးသတ်အောင်လုပ်ကာ နောက်ပိုင်းမှ အနာဂတ်ကို ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။
ကွန်ဆီကာအိုဟာ အေစီမီလန်အသင်းကို ရောက်ရောက်ချင်းမှာ အီတလီစူပါဖလား ရယူပေးနိုင်ခဲ့ပေမယ့် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို စီးရီးအေပြိုင်ပွဲမှာလည်း ရလဒ်တွေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။
Source: bbc