CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၉

ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်လာခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ကို အေဂျက်စ်အသင်းကနေ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဆန်းဒါးလန်းအသင်းဟာ ပြီးခဲ့တဲ့အပတ်က ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရပြီး ၈ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တာပါ။ 

ဆန်းဒါးလန်းအသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နွေရာသီမှာ လူစာရင်း အင်အားကို တောင့်တင်းအောင်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ 

အဲဒါကြောင့် ဆန်းဒါးလန်းအသင်းဟာ အေဂျက်စ်အသင်းကနေ ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စား နေတာပါ။ 

လီဗာပူးလ်အသင်း ခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ် အသင်း ကနေ ထွက်ခွာပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ အေဂျက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ 

ဟန်ဒါဆန်ကို တွေ့ရစဉ်

ဟန်ဒါဆန်ဟာ အေဂျက်စ်အသင်းနဲ့အတူ ၂၀၂၄-၂၅ ရာသီ ဒတ်ချ်အမှတ်ပေးဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် PSV အသင်းထံ ဆုဖလားပေးခဲ့ရတာပါ။

ဟန်ဒါဆန်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ် ကျန်ရှိနေသေးပေမယ့် သူဟာ ငယ်ဘဝကလပ် ဆန်းဒါးလန်းအသင်းထံ ပြန်လာဖို့ လမ်းဖွင့်ထားတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။ 

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဆန်းဒါးလန်းအသင်းကို ဝင်ဘလေကွင်းမှာ လာရောက် အားပေးခဲ့တာပါ။ 

ဆန်းဒါးလန်းအသင်း လူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းအသင်းအတွက် ၇၉ ပွဲကစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ လက်ရှိအချိန်မှာ ဇွန်လထဲ ယှဉ်ပြိုင်မယ့် အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဆီနီဂေါ အသင်းနဲ့ ခြေစမ်းပွဲတွေအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

Source: Goal