CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇
အီတလီအသင်းဟာ အမျိုးသမီးယူရို ၂၀၂၅ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နော်ဝေအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ကာ ယူရိုဆီမီးဖိုင်နယ်တက်ဖို့ ၂၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အီတလီအသင်း ခေါင်းဆောင် ဂျီရယ်လီက ပွဲချိန်မိနစ် ၅၀ မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၆၆ မိနစ်မှာ ဟီဂါဘတ်က နော်ဝေအသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဒါပေမယ့် မိနစ် ၉၀ မှာ ဂျီရယ်လီက အီတလီအသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် အီတလီ အသင်းဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂျီရယ်လီက ဒါဟာ လက်တွေ့ဖြစ်လာတဲ့ အိပ်မက်ဖြစ်ပြီး အံ့သြစရာကောင်းတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
ဂျီရယ်လီက “ဒါက အသင်းအတွက် အောင်ပွဲတင် မဟုတ်ဘဲ အီတလီ အမျိုးသမီး ဘောလုံးလောကမှာရှိတဲ့ လူတိုင်းနဲ့ သက်ဆိုင်မှုရှိပါတယ်။ မျိုးဆက်သစ်အတွက် မယုံနိုင်စရာဖြစ်သလို ဥရောပရဲ့ထိပ်ဆုံး ၄ သင်းထဲမှာ ပါဝင်ဖို့က အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာတာပါ။ ဒုက္ခတွေ အများကြီး ခံစားခဲ့ရပေမယ့် တစ်သင်းလုံး အဆုံးထိ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်”လို့ RAI ကို ပြောခဲ့ပါတယ်။
အီတလီအမျိုးသမီး အသင်းကို တွေ့ရစဉ်
အီတလီအသင်းနည်းပြ ဆွန်စင်ဟာ ယူရိုဆီမီးဖိုင်နယ် တက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူနေပြီး အခုအချိန်မှာ ပျော်ရွှင်မှုကို အပြည့်အဝ ခံစားပြီးရင် ဆီမီးဖိုင်နယ်အကြောင်းကို စဉ်းစားရတော့မယ်လို့ ပြောခဲ့တာပါ။
အီတလီအသင်းခေါင်းဆောင် ဂျီရယ်လီက နည်းပြဆွန်စင်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး သူ့ကြောင့် အသင်းဟာ ယုံကြည်မှုတွေ အများကြီး တိုးလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အီတလီအသင်းဟာ ယူရိုဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ဆွီဒင်အသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN