CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇

အမေရိကန်ကြယ်ပွင့် ပူလီဆစ်ဟာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းမှာ အတူတွဲ ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။

Corriere dello Sport က ပူလီဆစ်ဟာ အီတလီမှာ ဆက်ပြီး ရှိချင်နေတာကြောင့် အေစီမီလန်အသင်းကနေ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

ပူလီဆစ်နဲ့ အေစီမီလန် အသင်းတို့ကြားမှာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေက ရပ်တန့်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူဟာ အသင်းရဲ့ ရာသီကြို လေ့ကျင့်ပြင်ဆင်မှုတွေမှာ နည်းပြသစ် အယ်လီဂရီကို အထင်ကြီးမှု ရရှိစေခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပူလီဆစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အေစီမီလန်အသင်း အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ပြီး ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ 

ပူလီဆစ်နဲ့ မိုဒရစ်ကို တွေ့ရစဉ်

ပူလီဆစ်ဟာ ရာသီသစ်မှာ အေစီမီလန်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကူညီပေးချင်တာကြောင့် လန်းလန်းဆန်းဆန်း ရှိနေဖို့အတွက် ပြီးခဲ့တဲ့ ကွန်ကာကပ်ဖ် ရွှေဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းအတွက် ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာကြောင့် ရာသီသစ်မှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့တာပါ။

ပူလီဆစ်နဲ့ အေစီမီလန်အသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိနေပါတယ်။ 

အေစီမီလန်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုရီနိုအသင်း ကွင်းလယ်လူ ရီချီနဲ့ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်တို့ကို အားဖြည့်ထားတာပါ။ 

အေစီမီလန်အသင်းဟာ ရာသီသစ် မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် အာဆင်နယ်၊ လီဗာပူးလ်၊ ပါ့ချ်ဂလိုရီ၊ လိဒ်စ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Goal