CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇

၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် The Best FIFA Football Awards အတွက် ဆန်ခါတင် စာရင်းတွေကို ထုတ်ပြန် ခဲ့တာမှာ အမျိုးသားဆုအတွက် PSG အသင်း တောင်ပံကစားသမား ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်တို့ ထပ်ပြီးယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ 

ဒမ်ဘီလီနဲ့ ယာမဲလ်တို့ဟာ ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ အဓိက ယှဉ်ပြိုင်ခဲ့ကြပြီး ဒမ်ဘီလီက ရမှတ် အများအပြား အသာရကာ Ballon d'Or ဆုရခဲ့တာပါ။ 

အခုအချိန်မှာ နောက်ထပ် ထိပ်တန်းဆု တစ်ခုဖြစ်တဲ့ The Best FIFA Awards အတွက်လည်း သူတို့နှစ်ဦး ထပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

The Best FIFA Awards အမျိုးသားတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဒမ်ဘီလီနဲ့ ယာမဲလ်အပြင် PSG အသင်းက ဗီတင်ညာ၊ ဟာကီမီနဲ့ မန်ဒက်စ်၊ ရီးရယ်လ်အသင်းက ဘတ်ပီ၊ ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်း၊ ဘာစီလိုနာအသင်းက ပက်ဒရီနဲ့ ရာဖင်ညာ၊ လီဗာပူးလ်အသင်းက ဆာလက်နဲ့ ချယ်လ်ဆီးအသင်းက ကိုးလ်ပါလ်မာတို့ ပါဝင်နေပါတယ်။ 

ယာမဲလ်ကို တွေ့ရစဉ်

အမျိုးသမီးတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းထဲမှာ Ballon d'Or ဆုရှင် ဘွန်မာတီ၊ အင်္ဂလန်အသင်းနဲ့ ယူရိုချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ လူစီဘရွန်စ်၊ ဝီလီယံဆန်၊ ရူဆို၊ ကယ်လီနဲ့ လော်ရန်ဂျိမ်းစ်တို့ ပါဝင်နေကြတာပါ။ 

အမျိုးသားနည်းပြဆုအတွက် ဆန်ခါတင် စာရင်းထဲမှာတော့ PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်၊ လီဗာပူးလ် အသင်းနည်းပြ အာနီဆလော့၊ အာဆင်နယ်အသင်း နည်းပြ အာတီတာ၊ ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ် နဲ့ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာတို့ ပါဝင်နေပါတယ်။

အင်္ဂလန်အသင်းကို ယူရိုချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ ဝီဂ်မန်း၊ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ် ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဆလီဂါစ်နဲ့ ချယ်လ်ဆီးအသင်းကို ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူပေးနိုင်ခဲ့တဲ့ ဘွန်ပါစတောတို့ဟာ အမျိုးသမီးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေကြတာပါ။

FIFA Best Awards အတွက် ဂိုးသမားဆု၊ နောက်တန်းဆု၊ ကွင်းလယ်ဆုနဲ့ တိုက်စစ် ကစားသမားဆုတွေ အတွက်လည်း ဆန်ခါတင် ထုတ်ပြန်ခဲ့ပါတယ်။

အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့ အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီတို့ဟာ အကောင်းဆုံး တိုက်စစ် ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ 

Source: ESPN