CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅

၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်ခဲ့တာမှာ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ မပါဝင်ခဲ့ကြဘူး ဖြစ်ပါတယ်။ 

ဘောလွန်းဒီအောဆုအတွက် ဆန်ခါတင်စာရင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးမပါဝင်တာဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပါ။ 

အမျိုးသားဘောလွန်းဒီအောဆုအတွက် ဆန်ခါတင်ကစားသမား ၃၀ ဦးစာရင်းကို France Football က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အောင်မြင်မှုအများဆုံးရရှိထားတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ မပါဝင်ခဲ့တာဖြစ်ပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ဘောလွန်းဒီအောဆုကို ၅ ကြိမ်ရရှိထားတာပါ။ 

ဒီနှစ်အတွက် ဆုရဖို့ရေပန်းစားနေတဲ့ ဗီနီစီးယက်စ်၊ရိုဒရီ၊ဘယ်လင်ဂမ်တို့ အပါအဝင် ဘတ်ပီ၊ ဟာလန်း၊ ဟာရီကိန်း နဲ့ ယာမဲလ်တို့ဟာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့ဟာ ပြီးခဲ့တဲ့ရာသီ က ရီးရယ်လ်အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ရိုဒရီက စပိန်အသင်းကို ယူရို ၂၀၂၄ ချန်ပီယံဆု၊မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ပါ။ 

အမျိုးသမီးဘောလွန်းဒီအောဆု၊ တစ်နှစ်တာအကောင်းဆုံးအသင်းဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နည်းပြဆုနဲ့ လူငယ်အကောင်းဆုံးဆုတွေအတွက်လည်း ဆန်ခါတင်စာရင်းတွေထုတ်ပြန်ခဲ့ပါတယ်။ 

ဒီဆုတွေကို ၂၀၂၃ ခုနှစ်၊သြဂုတ် ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ဇူလိုင် ၃၁ ရက်အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ရလဒ်တွေအပေါ် အခြေခံ ပြီး ပေးသွားမှာပါ။ 

၂၀၂၄ ဘောလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာ ၂၈ ရက်မှာ ကျင်းပသွားမယ်လို့ France Football က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

Source:ESPN