CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄

ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာရဲ့ အစီအစဉ်မှာ မပါဝင်တဲ့ နောက်ခံလူ ဘန်ချီဝဲလ်ကို နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းထံ အငှားချဖို့ အဆင်သင့် ဖြစ်နေပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ အသင်းကြီးနဲ့ လေ့ကျင့်မှု ပြုလုပ်ရခြင်းမရှိတဲ့ ကစားသမားတွေကို နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့တာပါ။ 

ဘန်ချီဝဲလ်ဟာ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ ချိတ်ဆက်မှုတွေ ခံရခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာ ကြောင့် ချယ်လ်ဆီးအသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။ 

ဒါပေမယ့် ဘန်ချီဝဲလ်ဟာ စက်တင်ဘာ ၁၈ ရက်အထိ အပြောင်းအရွှေ့ ဖွင့်ထားတဲ့ တူရကီလိဂ်ထံ ပြောင်းရွှေ့ နိုင်တာ ဖြစ်ပါတယ်။

ဘန်ချီဝဲလ်အနေနဲ့ တူရကီလိဂ်ထံ မပြောင်းရွှေ့နိုင်ခဲ့ရင် ဇန်နဝါရီ အပြောင်းအရွှေ့ ပြန်စတင်မယ့် အချိန်အထိ အသင်းကြီးနဲ့ အဝေးမှာ အနည်းဆုံး ၄ လကြာ လေ့ကျင့်မှုတွေ ပြုလုပ်ရမှာပါ။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်ကို တူရကီလိဂ်ထံ ပို့ချင်နေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်အတွက် တူရကီကလပ်အသင်းတွေထံက တရားဝင် ကမ်းလှမ်းမှုတွေ မရရှိထား ပေမယ့် ကစားသမားဟာ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာပါ။

ဘန်ချီဝဲလ်ကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းအထိ ရရှိနေတဲ့ ဘန်ချီဝဲလ်ကို အပြီးသတ် ရောင်းချချင်နေ ပေမယ့် သူ့ကို ဘယ်အသင်းကမှ အပြီးသတ်ဝယ်ယူဖို့ မရှိသေးတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘန်ချီဝဲလ်ဟာ အငှားနဲ့သာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာရဖို့ရှိနေတာပါ။ 

၂၀၂၀ ခုနှစ်က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘန်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းအတွက် ၁၀၆ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားကာ ချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလားတို့ကို ရရှိခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲ ကစားအပြီးမှာ ၄ မှတ် ရရှိထားကာ နိုင်ငံတကာပွဲစဉ်အပြီး စက်တင်ဘာ ၁၄ ရက်မှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal