CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေထဲက အကောင်းဆုံးကစားသမား ၁၁ ဦးကို ရွေးချယ်ခဲ့တာမှာ ချယ်လ်ဆီးအသင်းက ကစားသမား အများအပြား ပါဝင်ခဲ့ပါတယ်။

အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝမှာ ပေါ်တို၊ ချယ်လ်ဆီး၊ ရီးရယ်လ်၊ အင်တာမီလန်၊ ယူနိုက်တက်၊ စပါးနဲ့ လက်ရှိ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့တာပါ။ 

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာကြောင့် သူရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ၁၁ ဦးမှာ ချယ်လ်ဆီးအသင်းက ၈ ဦးအထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အသင်းထဲမှာ ရီးရယ်လ်အသင်းက ရော်နယ်ဒိုနဲ့ အိုဇေးလ်၊ အင်တာမီလန်အသင်းက ဇနက်တီတို့ ပါဝင်ခဲ့ပါ တယ်။

အိုဇေးလ်ကို ရွေးချယ်ခဲ့မှုဟာ အံ့အားသင့်စရာဖြစ်ခဲ့သလို အက်ရှ်လေကိုးလ်ကို ကျော်ပြီး ဝီလျံဂါးလက်စ်ကို ရွေးချယ်ခဲ့တာက အားလုံးကို ပိုပြီးအံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟို၊ ရော်နယ်ဒို၊ အိုဇေးလ်နဲ့ ဇနက်တီတို့ကိုတွေ့ရစဉ်

မော်ရင်ဟိုဟာ ဂိုးသမားနေရာမှာ ပီတာချက်ကို ရွေးချယ်ခဲ့ပြီး နောက်တန်း ၄ ဦးအဖြစ် ဇနက်တီ၊ ဂျွန်တယ်ရီ၊ ကာဗယ်လ်ဟိုနဲ့ ဂါးလက်စ်၊ ကွင်းလယ်မှာ မက်ခီလီလီ၊ လမ်းပတ်နဲ့ အိုဇေးလ်၊ တိုက်စစ်မှာ ရော်နယ်ဒို၊ ဒရော့ဘာနဲ့ ဟာဇက်တို့ကို ရွေးချယ်ခဲ့တာပါ။

မော်ရင်ဟိုဟာ သူ့အတွက် အကောင်းဆုံး ကစားသမားအဖြစ် မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို မသတ်မှတ်ခဲ့ဘဲ ဘရာဇီးလ်ဂန္ထဝင်ဖြစ်တဲ့ ရော်နယ်ဒိုကြီးကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုက “ကျနော့်အတွက် ဘရာဇီးလ် ရော်နယ်ဒိုက အကောင်းဆုံးပါပဲ။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့  ကစားသမားဘဝဟာ ပိုရှည်ကြာခဲ့ပြီး ၁၅ နှစ်ကြာ နေ့တိုင်းထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကြီးကိုတော့ သူတို့ မကျော်ဖြတ်နိုင်ပါဘူး။ ဒဏ်ရာတွေကြောင့် သူ့ရဲ့ ကစားသမားဘဝဟာ ပြီးဆုံး သွားခဲ့ပေမယ့် ၁၉ နှစ်အရွယ်ရှိ ကောင်လေးတစ်ဦးရဲ့ အရည်အသွေးတွေကတော့ မယုံနိုင်စရာပါပဲ”လို့ ပြောခဲ့ပါ တယ်။ 

မော်ရင်ဟိုဟာ ဒီရာသီမှာ ရိုးမားအသင်းကို ယူရိုပါလိဂ် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရရှိအောင် ပို့ဆောင် ပေးထားသလို စီးရီးအေပြိုင်ပွဲမှာလည်း အဆင့် ၄ နေရာ ရပ်တည်အောင် ကိုင်တွယ်ထားတာ ဖြစ်ပါတယ်။

Source: Metro