CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က ကွင်းလယ် ဒိုင်လူကြီး ဂျွန်ဘရွတ်ခ်စ်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။ 

အာနီဆလော့က “ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးဟာ အန်ဖီးလ်ပရိသတ်တွေရဲ့ လွှမ်းမိုးမှုမခံရအောင် အပြင်းအထန် ကြိုးစားခဲ့ပြီး သူချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေကို မပေးနိုင်ကြောင်း ပြသခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု တွေဟာ ကျနော်တို့ ကစားသမားတွေကို အကူအညီပေးခဲ့တယ်ဆိုတာ သေချာပါတယ်။ အန်ဖီးလ်မှာ အမြဲတမ်း ပင်နယ်တီ လွယ်လွယ်ကူကူ ရတယ်ဆိုပြီး လူတိုင်းက ထင်နေတဲ့အရာတွေကလည်း ဖြစ်မလာခဲ့ပါဘူး။ ဒီပွဲမှာ ဒါကမဟုတ်ဘူးဆိုတာကို ထပ်ပြီးပြသခဲ့တယ်”လို့ ပြောခဲ့တာပါ။ 

ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးကို ဆာလက်က သွင်းယူခဲ့ပြီး ဂျက်ဆန်က ချယ်လ်ဆီးအသင်း အတွက် ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် ကာတစ်ဂျုံးစ်က လီဗာပူးလ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာပါ။

လီဗာပူးလ်နဲ့ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်

ဒီပွဲရဲ့ အစောပိုင်းမှာ ချယ်လ်ဆီးအသင်း နောက်ခံလူ တိုဆင်ဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဂျိုတာကို ဆွဲချခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက အဝါကတ်သာ ပြသခဲ့တာဖြစ်ပါတယ်။ 

ဒါအပြင် ဆာလက်ကို ဂိုးဧရိယာအတွင်း ချယ်လ်ဆီးအသင်း ဖျက်ထုတ်ခဲ့တာကို ပင်နယ်တီ မပေးတာနဲ့ ကာတစ်ဂျုံးစ်ကို ချယ်လ်ဆီးအသင်း ဂိုးသမား ဆန်းချက်ဇ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ပင်နယ်တီပေးပြီးမှ ပြန်ဖျက်ခဲ့တဲ့အပေါ် လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။ 

အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ခြားနားတဲ့ ချဉ်းကပ်မှုကို လုပ်ခဲ့ရင် လီဗာပူးလ်အသင်းက ပိုပြီး သက်တောင့် သက်သာနဲ့ အနိုင်ရမယ်လို့ အာနီဆလော့က ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ၈ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အရေးနိမ့်ကာ ၇ ပွဲ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal