CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅

နာပိုလီအသင်းတိုက်စစ်မှူး အိုဆင်ဟမ်ဟာ တူရကီကလပ် ဂါလာတာစာရေးအသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ 

အိုဆင်ဟမ်နဲ့ ဂါလာတာစာရေးအသင်းတို့ရဲ့ အငှားစာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့်မပါဝင်တာကြောင့် ကစားသမားဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ နာပိုလီအသင်းထံ ပြန်လာရမှာပါ။ 

နာပိုလီအသင်းဟာ အိုဆင်ဟမ်ကို ဂါလာတာစာရေးအသင်းထံ အငှားမချခင် ၂၀၂၇ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၂၅ နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကြီးအများအပြားရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာပါ။ 

အိုဆင်ဟမ်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းကလည်း ကြီးမားတဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို နာပိုလီအသင်းက လက်ခံခဲ့ပါတယ်။ 

ဒါပေမယ့် အိုဆင်ဟမ်ဟာ ဥရောပမှာဆက်ပြီးရှိချင်တာကြောင့် အယ်လ်အာလီအသင်းနဲ့ အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ အဲဒါကြောင့် အိုဆင်ဟမ်ဟာ နာပိုလီအသင်းနဲ့ အဆင်မပြေမှုတွေရှိခဲ့ပြီး ဒီရာသီအသင်းရဲ့ စီးရီးအေလူစာရင်းမှာ ချန်လှပ် ခြင်းခံခဲ့ရပါတယ်။ 

အိုဆင်ဟမ်ဟာ နာပိုလီအသင်းမှာ ဆက်ရှိနေရင်လည်း ပွဲကစားခွင့်ရမှာမဟုတ်တဲ့အတွက် တူရကီကလပ် ဂါလာတာစာရေးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး အငှားအပြောင်းအရွှေ့ဖြစ်ခဲ့တာပါ။ 

၂၀၂၀ ခုနှစ်က လိုင်လီအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုဆင်ဟမ်ဟာ နာပိုလီအသင်းအတွက် ၁၃၃ ပွဲကစားခဲ့ပြီး ၇၆ ဂိုး သွင်းယူကာ ၁၉၉၀ ခုနှစ်နောက်ပိုင်း အသင်းကို ပထမဆုံးစကူဒတ်တိုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ဂါလာတာစာရေးအသင်းဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိထားပြီး တူရကီစူပါလိဂ်ပွဲစဉ် ၃ ပွဲကစား ထားတာမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အဆင့် ၂ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ 

Source:ESPN