CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅

အသင်းလက်မဲ့ဖြစ်နေတဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ဟာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ကစားသမားဝယ်ယူမှုဟာ ပြီးခဲ့တဲ့အပတ်က ပိတ်သွားပြီဖြစ်ပေမယ့် အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားတွေကိုတော့ ခေါ်ယူခွင့်ရှိနေတာပါ။ 

ရာဘီယော့ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းသစ်ရှာဖွေနေတဲ့ နာမည်ကြီးကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ 

အေစီမီလန်အသင်းဟာ အပြောင်းအရွှေ့ပိတ်ခါနီးမှာ ရာဘီယော့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ခေါ်ယူမှုဖြစ်မလာခဲ့ပါဘူး။ 

ရာဘီယော့ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် လစာတောင်းဆိုမှု များပြားခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာပါ။ 

မကြာသေးခင်က သတင်းတွေမှာ ပရီးမီးယားလိဂ် အသင်းကြီးအချို့ဟာ ရာဘီယော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြထားပါတယ်။ 

ပီအက်စ်ဂျီ ကစား သမားဟောင်းဟာ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖုံးကွယ်ထားခြင်းမရှိခဲ့သလို ဂါဇက်တာဒယ်လို စပေါ့က သူဟာ အင်္ဂလန်ကိုပြောင်းရွှေ့ဖို့ အိပ်မက်ရှိနေဆဲလို့ ဖော်ပြထားတာပါ။ 

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က ပီအက်စ်ဂျီအသင်းကွင်းလယ်လူ အူဂါတေးကို ခေါ်ယူခဲ့ပေမယ့် အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ကတ်စမဲရိုးဟာ လီဗာပူးလ်အသင်းနဲ့ ပွဲမှာ အမှားအယွင်းတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

မကြာသေးခင်က သတင်းတွေမှာ ဂါလာတာစာရေးအသင်းဟာ ကတ်စမဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပြီး သူကတော့ ယူနိုက်တက်အသင်းမှာ ဆက်ရှိကာ နေရာရဖို့ တိုက်ပွဲဝင်မယ် လို့ ပြောထားတာပါ။ 

ဒါပေမယ့် ကတ်စမဲရိုးရဲ့အပြောင်းအရွှေ့သာဖြစ်သွားခဲ့ရင် ယူနိုက်တက်အသင်းဟာ ကွင်းလယ်မှာ ရွေးချယ်စရာ တွေနည်းပါးလာနိုင်တဲ့အတွက် ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ်ရှိ ရာဘီယော့ဟာ ဂျူဗင်တပ်စ်အသင်းမှာ ၅ ရာသီကြာ ပွဲပေါင်း ၂၁၂ ပွဲကစားခဲ့ပြီး ၂၂ ဂိုးသွင်းယူကာ စီးရီးအေ ဖလားအပါအဝင် ဆုဖလား ၄ ခုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro