CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅
ပရီးမီးယားလိဂ်ဂန္ထဝင် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အလန်ရှီးယားက ရက်ရှ်ဖိုဒ့်အနေနဲ့ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်ရှင်သန်နိုင်ဖို့အတွက် ယူနိုက်တက်အသင်းကနေ ထွက်ခွာသင့်တယ်လို့ ပြောခဲ့ပါတယ်။
အလန်ရှီးယားက “လက်ရှိပုံစံအရ ရက်ရှ်ဖိုဒ့်ဟာ သူ့ရဲ့အင်္ဂလန်ကစားသမားဘဝကို ပြန်လည်အသက်သွင်း နိုင်မယ်လို့ မမြင်မိပါဘူး။ လေ့ကျင့်ရေးမှာ သူဘယ်လိုလုပ်ဆောင်လဲဆိုတာ မသိပေမယ့် မှန်ကန်တဲ့ စိတ်သဘောထားနဲ့ လေ့ကျင့်ဖို့လိုပါတယ်။ အပြင်ဘက်ကကြည့်ရင်တော့ ရက်ရှ်ဖိုဒ့်အနေနဲ့ သူ့ရဲ့ ကစားသမား ဘဝကို ပြန်လည်ရှင်သန်အောင်လုပ်ဖို့ဆိုရင် ယူနိုက်တက်ကနေ ထွက်ခွာသင့်ပါတယ်။ သူဟာ အလွန်ငြိမ်သက် နေသလို သူ့အတွက်လည်း အလုပ်မဖြစ်တာကြာနေပြီ”လို့ပြောခဲ့တာပါ။
ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီကတည်းကနေ အခုအချိန်ထိ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာဆိုရင် ဂိုးပါဝင်ပတ်သက်မှုမရှိသေးတာပါ။
ရက်ရှ်ဖိုဒ့်ဟာ သူ့ရဲ့ဆိုးရွားတဲ့ပုံစံတွေကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းမှာ မပါဝင်ခဲ့သလို ယာယီနည်းပြ လီကာစလေရဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် လူစာရင်းမှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် အလန်ရှီးယားက ရက်ရှ်ဖိုဒ့်အနေနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံတွေ ပြန်လည်ရဖို့ ယူနိုက်တက် အသင်း ကနေ ထွက်ခွာသင့်တယ်လို့ ယုံကြည်နေတာပါ။
ရက်ရှ်ဖိုဒ့်ဟာ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် မကြာခဏ ဆိုသလို ဝေဖန်မှုတွေခံနေရပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူ့ကို ယုံကြည်မှုအပြည့်ပေးပြီး ယူနိုက်တက် အသင်းရဲ့ ပွဲထွက်လူစာရင်းတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရက်ရှ်ဖိုဒ့်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ပျောက်ဆုံးနေခဲ့တာပါ။
ရက်ရှ်ဖိုဒ့်အနေနဲ့ လာမယ့်ပွဲတွေမှာ တိုးတက်မှုမရှိရင်တော့ ယူနိုက်တက်အသင်းမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ရနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်၊ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဘန်စလေအသင်းတို့နဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:Goal