CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄

ရက်ရှ်ဖိုဒ့်က ဝိန်းရွန်နီရဲ့ ယူနိုက်တက်အသင်းဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလာခဲ့ပါတယ်။

ရက်ရှ်ဖိုဒ့်က “ကျနော် ဝိန်းရွန်နီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ ဘယ်တော့မှသိမှာမဟုတ်ပေမယ့် ကျနော်ဂိုးတွေသွင်းပြီး၊ ဂိုးဖန်တီးမှုပြုလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုမျိုး ဖြစ်လာနိုင်ဖို့လည်း အခွင့်အရေးရှိပါတယ်။ ကျနော် ဝိန်းနဲ့ စကားပြောပြီးချိန်မှာ သူကလည်း ဒီလိုမျိုး ဖြစ်စေ ချင်နေပါတယ်။ ကလပ်မှာ ကြီးပြင်းလာတဲ့သူဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်နိုင်ရင် ကောင်းမယ်လို့ သူကလည်း ကျနော့်ကို ပြောခဲ့ပါတယ်။ ကြိုးစားပြီး ဖြစ်မြောက်အောင်လုပ်နိုင်တဲ့ အခွင့်အရေးကို ကျနော်ရထားပါတယ်”လို့ The Overlap မှာ ပြောခဲ့တာပါ။

ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းအတွက် ၂၅၃ ဂိုးသွင်းယူထားပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖိုဒ့်ဟာ လက်ရှိ အချိန်မှာ ၁၂၃ ဂိုးသာသွင်းယူထားတာဖြစ်လို့ ဝိန်းရွန်နီရဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက် နောက်ထပ် ဂိုး ၁၀၀ ကျော် ထပ်ပြီးသွင်းယူနိုင်ဖို့ လိုအပ်နေတာပါ။ ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပြီး ဒါဟာ သူ့ရဲ့ ကစား သမားဘ၀ အကောင်းဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ မကြာသေးခင်က ယူနိုက်တက်အသင်းမှာ ၂၀၂၈ ခုနှစ်အထိရှိမယ့် ၅ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် ဝိန်းရွန်နီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ ဒါ့အပြင် ရက်ရှ်ဖိုဒ့်က ရာသီသစ်မှာ သွင်းဂိုး ၄၀ အထိ သွင်းယူနိုင်မယ်လို့ ခံစားရကြောင်းလည်း ပြောခဲ့ပါတယ်။

ရက်ရှ်ဖိုဒ့်က “ပြီးခဲ့တဲ့ရာသီမတိုင်ခင်က ကျနော်ဟာ ဂိုး ၂၀ သွင်းနိုင်ဖို့ အမြဲတမ်းရည်မှန်းခဲ့တာပါ။ တောင်ပံ ကစားသမားတစ်ဦးအတွက် ဒါဟာ ကောင်းမွန်တဲ့ စံချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ဂိုး ၃၀ အထိ ရောက် ခဲ့ပြီး ဒီပုံစံအတိုင်းဆက်ထိန်းနိုင်ခဲ့ရင် ၃၅ ဂိုး ဒါမှမဟုတ် ဂိုး ၄၀ အထိသွင်းယူနိုင်မယ်လို့ ခံစားရကြောင်း”ပြောခဲ့တာပါ။

ယူနိုက်တက် အကယ်ဒမီထွက် ရက်ရှ်ဖိုဒ့်ဟာ အသင်းနဲ့အတူ ကာရာဘောင်းဖလား ၂ ကြိမ်၊ FA ဖလားနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Goal