CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ်  ၄

ယူနိုက်တက်အသင်းဟာ လန်းစ်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမတိုင်ခင် ဟော့ဂျ်လန်းကို ကစားသမားသစ်အဖြစ် မိတ်ဆက်သွားဖွယ် ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြလိုက်ပါတယ်။

ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှု ပြီးမြောက်ခဲ့ပြီဖြစ်သလို ၅ နှစ် စာချုပ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိထားတာပါ။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်ခင် အိုးထရက်ဖို့ဒ်မှာ ကစားမယ့် လန်းစ်အသင်းနဲ့ ခြေစမ်းပွဲမှာ ပေါင် ၇၂ သန်း တန်ကြေးရှိ ကစားသမားကို ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ မေဆန်မောင့်နဲ့ အိုနာနာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အတ္တလန်တာ အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့ ဦးစားပေး လုပ်ဆောင်လာခဲ့တာပါ။

ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကလည်း ကြိုးစားခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းနဲ့ ချုပ်ဆိုထားတဲ့ ၅ နှစ် စာချုပ်ကုန်ဆုံးသွားရင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် အချက်ကို ထည့်သွင်းထားတာပါ။

ဟော့ဂျ်လန်းဟာ အပြောင်းအရွှေ့အတွက် ပြင်ဆင်နေတာကြောင့် အတ္တလန်တာအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲကို လွဲချော်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင်မှာ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့ လိုအပ်နေ တာ ဖြစ်ပါတယ်။ 

မန်ချက်စတာကလပ်ရဲ့ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး အများအပြားကို ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့ရတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်ပိုင်း လိုအပ်ချက်ကို ဖြည့်တင်းဖို့ အခုအပြောင်းအရွှေ့မှာ လုပ်ဆောင်ခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း၊ နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ပြောင်းရွှေ့ကြေးတွေဟာ များပြားနေတာကြောင့် ဟော့ဂျ်လန်းဘက်ကို မြှားဦးလှည့် ကာ အပြောင်းအရွှေ့ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဟော့ဂျ်လန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အသားအကျဖို့ အချိန်အနည်းငယ် ယူရနိုင်တယ်လို့ သတိပေးထားပါတယ်။ အသက် ၂၀ နှစ်အရွယ်ရှိ ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ ရာသီက အတ္တလန်တာအသင်းအတွက် ၃၄ ပွဲ ပါဝင်ကစားပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။