CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉
ကိုပေဟေဂင်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ အနီကတ်က အရာအားလုံးကို ပြောင်းလဲ သွားခဲ့တယ်လို့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “အနီကတ် မထိခင်အထိ ကျနော်တို့ဟာ အလွန်ကောင်းမွန်စွာ ကစားခဲ့တယ်လို့ ထင်ပါတယ်။ အနီကတ်ကတော့ အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ပြင်းထန်ပြီး ကျနော်တို့ အတွက် ကွဲပြားခြားနားတဲ့ ပွဲတစ်ပွဲ ဖြစ်လာစေခဲ့ပါတယ်။ ပထမပိုင်း မပြီးခင်မှာ ပေးခဲ့ရတဲ့ ဂိုး ၂ ဂိုးက ခွင့်မပြုသင့် ပါဘူး။ ပထမဂိုးဆိုရင် လူကျွံဘောဖြစ်ပြီး ကစားသမားက အိုနာနာရဲ့ အရှေ့မှာရှိနေတာပါ။ ဒုတိယဂိုးဖြစ်တဲ့ ပင်နယ်တီကလည်း အလွန်ပြင်းထန်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို ကျနော်အလွန်စိတ်ပျက်မိပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကိုပေဟေဂင် အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ် တိုက်ရိုက် အနီကတ်နဲ့ မထုတ်ပယ်ခံရခင် အချိန်ထိ ဟော့ဂျ်လန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ် ထုတ်ပယ်ခံရအပြီးမှာ ကိုပေဟေဂင်အသင်းက ချေပဂိုး ၂ ဂိုး ဆက်တိုက် သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ ၂ ဂိုးစီ သရေကျနေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်အသင်းအတွက် ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ကိုပေဟေဂင်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့လို့ ယူနိုက်တက်အသင်း ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် အုပ်စုတွင်း ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၃ ပွဲရှုံး၊ ရမှတ် ၃ မှတ်နဲ့ နောက်ဆုံး နေရာမှာ ရပ်တည်နေပါတယ်။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ချင်တယ်ဆိုရင် ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေးအသင်းတို့နဲ့ ကစားရမယ့်ပွဲတွေမှာ မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်နေပြီဖြစ် ပါတယ်။
ဟော့ဂျ်လန်းက “ကျနော်တို့ဟာ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး အနီကတ်မပြသခံရခင်အချိန်ထိ ပွဲကို ထိန်းချုပ်နိုင် ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာလည်း ကျနော်တို့ဟာ အလွန်ကောင်းမွန်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ရှုံးပွဲထပ်ပြီး ကြုံတွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၁၁ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လူတန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Daily Mail