CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီကလို စွမ်းဆောင်နိုင်ခြင်းမရှိသေးပေမယ့် ယူနိုက်တက်အသင်းမှာ ဦးစားပေး ကစားသမားအဖြစ် ဆက်ပြီးရှိနေတာပါ။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ၂၄ ပွဲကစားအပြီးမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကလည်း ၃ ဂိုးသာပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းကသူ့ကို တစ်ပတ်လုပ်ခပေါင် ၃၂၅,၀၀၀ အထိတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။

ရက်ရှ်ဖိုဒ့်ဟာ ဒီရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘတ်ပီ ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဘတ်ပီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ ပြောင်းဖို့ရှိနေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ရက်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတာပါ။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ရက်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Football Insider က ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS တို့က ရက်ရှ်ဖိုဒ့်ကို ဒီရာသီထက်ကျော်လွန်ပြီး အသင်းမှာဆက်ထိန်းထားဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အသင်းမှာ ရက်ရှ်ဖိုဒ့်အကောင်းဆုံးလုပ်နိုင်ခဲ့တာကို သိရှိထားတာဖြစ်ပါတယ်။ ရက်ရှ်ဖိုဒ့်နဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပြီး ကစားသမားဟာ ပြီးခဲ့တဲ့လက ကွင်းပြင်ပပြဿနာတွေကြောင့် အသင်းရဲ့ အရေးယူမှုကို ခံထားရတာပါ။ 

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီး ၂၀၂၄ ခုနှစ်ထဲ ကစားခဲ့တဲ့ ပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Sportsmole