CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ခရိုအေးရှားအသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် တရားဝင်ပွဲတွေမှာ သွင်းဂိုး ၉၀၀ ပြည့်တဲ့ ပထမဆုံး အမျိုးသားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ခရိုအေးရှားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၃၄ မိနစ်မှာ နူနိုမန်ဒက်စ်ရဲ့ ပေးပို့မှုကနေ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

ဒီဂိုးကြောင့်ပဲ ရော်နယ်ဒိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ သွင်းဂိုး ၉၀၀ ပြည့်တဲ့ မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီ သွင်းဂိုး ၉၀၀ ကို ပေါ်တူဂီအသင်းအတွက် ၁၃၁ ဂိုး၊ယူနိုက်တက်အသင်းအတွက် ၁၄၅ ဂိုး၊ရီးရယ်လ်အသင်းအတွက် ၄၅၀ ဂိုး၊ဂျူဗင်တပ်စ်အသင်းအတွက် ၁၀၁ ဂိုး၊အယ်လ်နာဆာအသင်းအတွက် ၆၈ ဂိုးနဲ့ စပို့တင်းလစ္စဘွန်းအသင်း အတွက် ၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုက “ဒါက အဓိပ္ပါယ်တွေအများကြီးရှိပြီး အချိန်အတော်ကြာအောင်လိုချင်ခဲ့တဲ့ မှတ်တိုင်တစ်ခုပါ။ ကျနော်ဟာ ဆက်ပြီးကစားနေတာကြောင့် ဒီကိန်းဂဏန်းကို ရောက်မယ်ဆိုတာ သိပါတယ်။ ဒါက စိတ်လှုပ်ရှား ဖို့ကောင်းပါတယ်။ ကျနော်ဟာ သွင်းဂိုး ၉၀၀ ပြည့်ဖို့ အတွက် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနဲ့ ကြံ့ခိုင်မှုအပြည့်ရှိဖို့ နေ့တိုင်းအလုပ်ကိုခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရတာပါ။ ဒါဟာ ကျနော့် ကစားသမားဘ၀အတွက် ထူးခြားတဲ့ မှတ်တိုင်တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ သွင်းဂိုး ၉၀၀ ပြည့်သွားပြီဖြစ်တဲ့အတွက် သူ့ရဲ့နောက်ထပ်ပစ်မှတ်က သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ဖြစ်ပါတယ်။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ သူ့ရဲ့ YouTube Channel မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့က နောက်ထပ် စိန်ခေါ်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီ စံချိန်မှတ်တမ်းကို အသက် ၄၁ နှစ်အရွယ် ဝန်းကျင်မှာ ရယူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ခရိုအေးရှားအသင်းကို အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်အုပ်စုဒုတိယပွဲစဉ်အဖြစ် စကော့တလန် အသင်းနဲ့ စက်တင်ဘာ ၉ ရက် အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN