CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄

အသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ သူ့ရဲ့ဒဏ်ရာကြောင့် အယ်လ်နာဆာအသင်းရဲ့ တရုတ်ခြေစမ်းပွဲခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီးနောက် တောင်းပန်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ဒီနေ့ဟာ ကျနော့်အတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ ဒီမှာရှိတဲ့ တရုတ်ပရိသတ်တွေကို ကျနော်တောင်းပန်ချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘောလုံးမှာ ခင်ဗျားတို့ထိန်းချုပ်နိုင်တဲ့အရာတွေမရှိလို့ပါ။ ကျနော်ဟာ ဘောလုံးကို ၂၂ နှစ်ကြာကစားခဲ့ပြီး ဒဏ်ရာလည်းအများကြီးမရတဲ့ ကစားသမားပါ။ ကျနော်နဲ့ အယ်လ်နာဆာအသင်းဟာ တရုတ်နိုင်ငံခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရောက်လာတာကြောင့်လည်း ကျနော်အလွန် စိတ်မကောင်းဖြစ်မိပါတယ်။ တရုတ်က ကျနော့်အတွက် ဒုတိယအိမ်လိုပါပဲ။ ကျနော်တို့ ပွဲတွေဖျက်လိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ပြန်လာခဲ့မှာပါ” လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းဟာ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး တရုတ်ပရိသတ်အများအပြားရဲ့ ကြိုဆိုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ ဒဏ်ရာ ကြောင့် ပွဲကိုရွှေ့ဆိုင်းကြောင်း ကြေညာခဲ့တဲ့အတွက် တရုတ်ပရိသတ်တွေဟာ အလွန်ဒေါသထွက်နေခဲ့တာပါ။ ပွဲစီစဉ်သူတွေကတော့ ပရိသတ်တွေရဲ့ ကွင်းဝင်ကြေး၊လေယာဉ်ခနဲ့ ဟိုတယ်ခတွေကို ပြန်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ တရုတ်ခြေစမ်းပွဲခရီးစဉ်အတွက် အာဖရိကဖလားသွားရောက်ယှဉ်ပြိုင်နေတဲ့ မာနေးနဲ့ ဖိုဖာနာကလွဲပြီး ဥရောပနာမည်ကြီးကစားသမားတွေအားလုံးကို ခေါ်ယူလာခဲ့တာပါ။ အယ်လ်နာဆာအသင်း ကတော့ တရုတ်နိုင်ငံမှာ ပြန်ကစားမယ့် ပွဲစဉ်အသစ်ကို အမြန်ဆုံးစီစဉ်ဖို့ သဘောတူထားတယ်လို့ သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကလည်း အင်တာမိုင်ယာမီအသင်းဟာ တရုတ်နိုင်ငံ မှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာ ဖျက်ခဲ့တာပါ။

အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အင်တာမိုင်ယာမီအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source:ESPN