CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄

ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့ အသင်းနဲ့ ကစားခဲ့တာမှာ ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ မယ်ဒယ်ဘရော့အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ပယ်လ်မာက ၂ ဂိုး အန်ဇိုဖာနန်ဒက်ဇ်၊ ဒီဆာဆီ၊ မာဒူကီနဲ့ မယ်ဒယ်ဘရော့ကစားသမား ဟိုဆန်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အသင်းနဲ့အတူ ကာရာဘောင်းလိဂ်ဖလား ရယူပြီး အင်္ဂလန်မှာ ဆုဖလား မရယူနိုင်သေးတာကို အဆုံးသတ်မယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်း နည်းပြ ပိုချက်တီနိုကို တွေ့ရစဉ်

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို မကိုင်တွယ်ခင် ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဆောက်သမ်တန်နဲ့ စပါးအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှု မရယူနိုင်ခဲ့ပါဘူး။

ပိုချက်တီနိုက “ဒီဆုဖလားကို ကျနော် ရယူချင်ပါတယ်။ ကျနော်ဟာ ပီအက်စ်ဂျီအသင်းမှာရှိခဲ့တဲ့ ၁၈ လအတွင်းမှာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပြီး ဒီမှာလည်း ဆုဖလား ရယူချင်ပါတယ်။ ကျနော်ဟာ ဒီဆုဖလားကို ရယူနိုင်ဖို့ အလွန် စိတ်အား ထက်သန်နေပါတယ်။ ဖူလ်ဟမ် ဒါမှမဟုတ် လီဗာပူးလ်အသင်းတို့ဟာ အံ့သြစရာကောင်းတဲ့ အသင်းတွေ ဖြစ်တာကြောင့် ဗိုလ်လုပွဲက ခက်ခဲမှာပါ။ ဒါပေမယ့် အခုအချိန်က ကျနော်တို့ နိုင်ပွဲရယူနိုင်မယ်ဆိုတာ ယုံကြည်မှု ရှိရမယ်”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဗိုလ်လုပွဲအဖြစ် ဖူလ်ဟမ်နဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။

ချယ်လ်ဆီးအသင်းဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ထိပ်သီး ၆ သင်းထဲမှာ ပြည်တွင်းဖလား ဗိုလ်လုပွဲ တွေကို အများဆုံး တက်ရောက်နိုင်တဲ့အသင်းအဖြစ် ၁၈ ကြိမ်နဲ့ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ 

ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲဟာ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့က လွှဲပြောင်းရယူပြီးနောက် ချယ်လ်ဆီးအသင်း ပထမဆုံးကစားရမယ့် ဗိုလ်လုပွဲလည်း ဖြစ်လာပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီ ၂၇ ရက်မှာ FA ဖလားစတုတ္တအဆင့်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN