CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သားဖြစ်သူ ဂျူနီယာနဲ့ အတူတွဲကစားနိုင်မယ့် ဖြစ်နိုင်ခြေကို ငြင်းပယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးခင်က YouTube မှာ Subscribers အများဆုံးရရှိထားတဲ့ Mr Beast နဲ့ သူ့ရဲ့ YouTube ချန်နယ်လ်ဖြစ်တဲ့ UR Cristiano မှာပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဒီအကြောင်းကိုပြောခဲ့တာပါ။
ဘောလုံးသမိုင်းမှာ သားအဖနှစ်ဦးတစ်သင်းတည်း အတူတွဲကစားတဲ့ ဖြစ်ရပ်တွေရှိခဲ့တာကြောင့် ရော်နယ်ဒိုဟာ သူနဲ့ သူ့ရဲ့သားလည်း အတူတွဲကစားပြီး ဒီမှတ်တမ်းထဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ရော်နယ်ဒိုရဲ့သား ဂျူနီယာကိုတွေ့ရစဉ်
မကြာသေးခင်က NBA နာမည်ကျော် လီဘရွန်ဂျိမ်းစ်ဟာ သားဖြစ်သူ ဘရွန်နီနဲ့ တစ်သင်းတည်း အတူတွဲ ကစားခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုက “ဂျူနီယာနဲ့အတူတွဲကစားဖို့က ဖြစ်နိုင်ပြီး ကျနော်တို့ကြည့်ရမှာပါ။ သူက အခုအသက် ၁၄ နှစ်ရှိပါပြီ။ ကျနော့်ရဲ့ခြေထောက်တွေက ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာကို ကျနော်တို့ ကြည့်ရမှာပါ”လို့ ပြောခဲ့တာပါ။
အသက် ၁၄ နှစ်အရွယ်ရှိ ဂျူနီယာဟာ ဖခင်ဖြစ်သူရဲ့ ဘောလုံးအမွေအနှစ်တွေကို ဆက်ခံနိုင်မယ့် အရိပ်အယောင်တွေကို ပြသထားပြီး အယ်လ်နာဆာလူငယ်အသင်းမှာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။
လေ့ကျင့်ရေးဆင်းနေတဲ့ ရော်နယ်ဒိုတို့သားအဖကိုတွေ့ရစဉ်
ဂျူနီယာဟာ ဖခင်ဖြစ်သူကစားခဲ့တဲ့ ရီးရယ်လ်၊ ဂျူဗင်တပ်စ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ လူငယ်အသင်း တွေမှာလည်း ပါဝင်ကစားခဲ့တာပါ။
ဂျူနီယာဟာ ဖခင်ဖြစ်သူ ရော်နယ်ဒိုကို သူနဲ့အတူ တွဲကစားဖို့အတွက် အနားမယူသေးဖို့ ပြောထားဖူးပါတယ်။
ရော်နယ်ဒိုဟာ မကြာခင်မှာ အသက် ၄၀ နှစ်ပြည့်တော့မှာဖြစ်ပေမယ့် အခုအချိန်ထိ ပေါ်တူဂီနဲ့ အယ်လ်နာဆာအသင်းမှာ ထိပ်တန်းစွမ်းဆောင်ရည်တွေကို ပြသထားတာဖြစ်ပါတယ်။
Source:Goal