CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄

ယူနိုက်တက်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ အေးဂျင့်ဖြစ်သူကို ပြောထားကြောင်း The Sun သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းကနေ အခုရာသီအကုန်ထိ အငှားနဲ့ လာရောက် ကစား နေတဲ့ ဂီတာဖေးအသင်းအတွက် ၁၉ ပွဲပါဝင်ကစားထားအပြီးမှာ ၅ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးထားတာပါ။ ဂရင်းဝုဒ်ဟာ ရာသီအကုန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်တာကြောင့် အကယ်ဒမီထွက် ကစားသမား တစ်ဦးရဲ့ အနာဂတ်ဟာ ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS တို့ ဦးစားပေးလုပ်ဆောင်ရမယ့်အရာ ဖြစ်လာခဲ့ပါတယ်။ 

ဒါပေမယ့် ဂီတာဖေးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း အပါအဝင် စပိန်ကလပ်တွေက စိတ်ဝင်စားနေကြတာပါ။ The Sun ကတော့ ဂရင်းဝုဒ်ဟာ သူ့ရဲ့ အိပ်မက် အပြောင်းအရွှေ့ဖြစ်တဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ပြောထားတာကြောင့် ကတ်တလန် ကလပ်ဟာ ဒီအပြောင်းအရွှေ့အတွက် မကြာခင် သဘောတူညီမှုရယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထား ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ရောင်းချချင်နေသလို ကစားသမားကလည်း သူ့ရဲ့ ကလပ်ထံ ပြန်သွားဖို့ အစီအစဉ်မရှိပါဘူး။ ဂရင်းဝုဒ်ဟာ စပိန်မှာ လျင်မြန်စွာအသားကျနေပြီး ဂီတာဖေးအသင်းမှာ ဆက်ရှိရင် ပျော်ရွှင်မယ်လို့ မကြာသေးခင်က ပြောထားပါတယ်။

ဂရင်းဝုဒ်က “ကျနော် ဒီမှာ လျင်လျင်မြန်မြန်အသားကျခဲ့သလို အသင်းဖော်တွေကလည်း အကူအညီပေးတဲ့ အတွက် ဒီကိုရောက်ရှိလာကတည်းက ပျော်ရွှင်နေခဲ့ပါတယ်။ ပရိသတ်တွေကလည်း ကျနော့်အတွက် အဓိပ္ပါယ် အများကြီးရှိပါတယ်။ သူတို့တွေဟာ ကျနော့်ကို ပံ့ပိုးမှုတွေပြုလုပ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောခဲ့တာပါ။

ဂီတာဖေးအသင်းဟာ ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ အဆင့် ၁၀ နေရာရပ်တည်နေပြီး ဇန်နဝါရီ ၂၉ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro