CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

စီးရီးအေကလပ် လာဇီယိုအသင်းဟာ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ကာလရှည်ကြာစိတ်ဝင်စားနေပြီး အခု နွေရာသီမှာ ယူနိုက်တက်အသင်းထံ ချဉ်းကပ်မှုတွေပြုလုပ်လာခဲ့တာပါ။ 

ဂရင်းဝုဒ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ အပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး တိုးမြှင့်လာမယ့် ပြောင်းရွှေ့ကြေးအတွက် နှစ်သင်းကြားဆွေးနွေးမှုတွေဟာ ကောင်းမွန်နေတယ်လို့ သိရပါတယ်။ 

ဂရင်းဝုဒ်ကို လာဇီယိုအသင်းအပြင် စီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားနေကြတာပါ။ 

ဒါ့အပြင် ဂျာမနီ၊စပိန်နဲ့ ပေါ်တူဂီအသင်းတွေကလည်း ဂရင်းဝုဒ်ကို ခေါ်ယူဖို့စောင့်ကြည့် နေတာဖြစ်ပါတယ်။ 

လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကစားသမားဟာ ဂီတာဖေးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ 

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး သူ့ရဲ့တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရတာကြောင့် လာဇီယို အသင်းဟာ အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ 

ဂရင်းဝုဒ်နဲ့ သူ့ရဲ့မိသားစုဟာ ဗြိတိန်အပြင်ဘက် မှာ သူတို့ရဲ့ဘဝကို ဆက်ပြီးဖြတ်သန်းချင်နေတာကြောင့် အခြားဥရောပကလပ်အသင်းတွေထံ ပြောင်းရွှေ့ချင်နေ တာပါ။ 

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ အငှားနဲ့ သွားရောက်ကစားချိန်က ၁၀ ဂိုးသွင်းယူပြီး ၆ ဂိုးဖန်တီးနိုင်ခဲ့ ကာ ကလပ်အသင်းရဲ့ တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်ကျရင် ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းဘက်က သူ့ကို ၁ နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာဖြစ်ပါတယ်။

Source:DailyMail