CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

ယူနိုက်တက်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အနာဂတ်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် ဂီတာဖေးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောလိုက်ပါတယ်။

ဂရင်းဝုဒ်က “ဂီတာဖေးအသင်းမှာ အရာအားလုံးအဆင်ပြေပြီး လျင်လျင်မြန်မြန်ပဲ ကျနော်အသားကျခဲ့ပါတယ်။ ကျနော် ဒီကိုရောက်ကတည်းက လေ့ကျင့်မှုတွေပြုလုပ်တယ်၊ ပြီးတော့ ပွဲတွေကစားပြီး ပျော်ရွှင်နေပါတယ်။ ပရိသတ်တွေကတော့ ကျနော့်အတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်။ ကျနော့်ရဲ့ အခုထိအကောင်းဆုံး ခံစားချက် ကတော့ ကွင်းကြီးထဲမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါက ကျနော့်အတွက် အဓိပ္ပါယ်အများကြီး ရှိခဲ့ပါ တယ်” လို့ ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် စပိန်ထိပ်သီးကလပ်အသင်းတွေရဲ့ ပစ်မှတ် ဖြစ်နေသလို ပရီးမီးယားလိဂ်ကင်းထောက်တွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတာဖြစ်ပါတယ်။ ဂီတာဖေးအသင်း ကလည်း ဂရင်းဝုဒ်ကို အငှားစာချုပ်သက်တမ်းတိုး ဒါမှမဟုတ် အပြီးသတ်ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။ ယူနိုက်တက်အသင်းကတော့ ဂရင်းဝုဒ်ကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိတာကြောင့် လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူကာ ၄ ဂိုး ဖန်တီးထားတာပါ။ အသက် ၂၂ နှစ်အရွယ်ရှိကစားသမားဟာ လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဒီဇင်ဘာလ အတွက် ဂီတာဖေးအသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဂီတာဖေးအသင်းဟာ ဒီရာသီ စပိန်လာလီဂါပွဲစဉ် ၁၉ ပွဲကစားအပြီးမှာ ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး လာမယ့် ရာသီ ဥရောပဝင်ခွင့်တစ်နေရာရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဂီတာဖေးအသင်းဟာ ဇန်နဝါရီ ၁၈ ရက်မှာ ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro