CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းက သူ့ကို အခု အပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ မရှိတာကြောင့် ရာသီအကုန်ထိ အသင်းမှာ ဆက်နေရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အေဂျက်ဇ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဟန်ဒါဆန်ဟာ ၂ ပတ်ကြာ ပြုလုပ်မယ့် ဆောင်းရာသီ လေ့ကျင့်ရေးစခန်းအတွက် အယ်လ်အက်တီဖတ်အသင်းနဲ့ ပူးပေါင်းဖို့ အဘူဒါဘီကို ထွက်ခွာသွားခဲ့တာပါ။ 

ဟန်ဒါဆန်ဟာ ဆော်ဒီမှာ မပျော်ရွှင်တာကြောင့် ဥရောပကို ပြန်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ တဲ့အတွက် အယ်လ်အက်တီဖတ်အသင်း တာဝန်ရှိသူတွေဟာ သူနဲ့ စကားပြောဆိုမှု ပြုလုပ်နိုင်ဖို့လည်း မျှော်လင့် နေတာ ဖြစ်ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဟန်ဒါဆန်နဲ့ သူ့ရဲ့ ငယ်ရွယ်တဲ့မိသားစုဟာ ပင်လယ်ကွေ့နိုင်ငံမှာ နေထိုင်ရတာ အဆင်မပြေဖြစ်နေတာကြောင့် အင်္ဂလန်ကွင်းလယ်လူဟာ သူ့ကို အငှားနဲ့ ခေါ်ယူဖို့ ဥရောပကလပ် အများအပြား ရဲ့ စိတ်ဝင်စားမှုကို သတိပြုမိတာပါ။ 

အေဂျက်ဇ်အသင်းဟာ ဟန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်နိုင်အောင် ကြိုးစားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

 ဟန်ဒါဆန်ကို တွေ့ရစဉ်

အေဂျက်ဇ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးနေတာကြောင့် ဟန်ဒါဆန်ဟာ အသင်းကို ရလဒ်ကောင်းတွေ ပြန်ရအောင် လုပ်ပေးနိုင်မယ့်သူလို့ ယူဆနေတာပါ။

ဂျူဗင်တပ်စ်အသင်းကလည်း ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အတွက် အီတလီဟာ သူ့အတွက် နောက်ထပ် ရွေးချယ်စရာအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ ဟန်ဒါဆန်အပြင် မန်စီးတီးအသင်း ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကိုလည်း ပစ်မှတ် ထားနေတာပါ။ 

ဒါပေမယ့် အယ်လ်အက်တီဖတ် အသင်းကတော့ ဟန်ဒါဆန်ကို ထွက်ခွာခွင့်ပေးဖို့ စိတ်ကူးမရှိတဲ့အတွက် အခု အပြောင်းအရွှေ့မှာ ဘယ်ကလပ်နဲ့မှ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အစီအစဉ်မရှိတာ ဖြစ်ပါတယ်။

အယ်လ်အက်တီဖတ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာ ရပ်တည်နေပြီး ရလဒ်ဆိုးတွေ ကြောင့် လီဗာပူးလ်အသင်း ဂန္ထဝင် စတီဗင်ဂျရတ်လည်း နည်းပြရာထူးအတွက် ဖိအားတွေရှိနေတာပါ။ 

လက်ရှိ အချိန်မှာရပ်နားထားတဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို အာရှဖလားပြိုင်ပွဲအပြီးမှ ပြန်လည်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Daily Mail