CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ၂၀၂၃ ခုနှစ် FIFA The Best Award ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

မက်ဆီဟာ ဒီဆုပေးပွဲမှာ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း၊ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီတို့ကို မဲအသာရပြီး ရရှိခဲ့တာပါ။ ဒီဆုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀ ရက်ကြားထဲမှာ စွမ်းဆောင်ခဲ့တဲ့အရာတွေပေါ် မူတည်ပြီး ပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဒီကာလအတွင်းမှာ ပီအက်စ်ဂျီနဲ့ အင်တာမိုင်ယာမီအသင်းမှာကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ လီဂူးဝမ်းဆုဖလား၊ အင်တာမိုင်ယာမီအသင်းနဲ့ လိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် မက်ဆီဟာ ဒီဆုကို တတိယအကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီဟာ ဒီဆုကိုရယူဖို့ ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းတော့မရှိပါဘူး။

တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုကို စပိန်နဲ့ ဘာစီလိုနာကစားသမား ဘွန်မာတီက ရရှိခဲ့တာပါ။ ဘွန်မာတီဟာ စပိန်အသင်းနဲ့အတူ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်း နဲ့လည်း ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဘွန်မာတီဟာ ဖီဖာရဲ့ The Best ဆု၊ ဘောလွန်းဒီအောဆု၊ UEFA တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကို တစ်နှစ်အတွင်းရယူနိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးကစားသမား ဖြစ်လာတာပါ။

အခြားဆုတွေဖြစ်တဲ့ အကောင်းဆုံးအမျိုးသားနည်းပြဆုကို မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ၊ အမျိုးသမီး နည်းပြဆုကို အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဝီဂ်မန်းတို့က ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံးအမျိုးသား ဂိုးသမားဆုကို မန်စီးတီးအသင်းဂိုးသမား အီဒါဆန်၊ အမျိုးသမီးဂိုးသမားဆုကို မာရီအာ့ပ်စ်က ရရှိခဲ့တာပါ။ အကောင်းဆုံးသွင်းဂိုးဆုဖြစ်တဲ့ ပွတ်ရှ်ကတ်ဆုကို ဘိုတာဖိုဂိုကစားသမား မာဒရူဂါက ရရှိသွားခဲ့ပါတယ်။

FIFA FIFPRO အမျိုးသား ၁၁ ဦးမှာတော့ ဂိုးသမားအဖြစ် ကော့တွိုက်စ်၊ နောက်တန်းမှာ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ ရူဘင်ဒီယက်ဇ်၊ ကွင်းလယ်မှာ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်း၊ ဘယ်လင်ဂမ်နဲ့ ရှေ့တန်းမှာ မက်ဆီ၊ ဟာလန်း၊ ဘတ်ပီနဲ့ ဗီနီစီးယက်စ်တို့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Source:ESPN