CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

ယူနိုက်တက်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ စပိန်လာလီဂါကလပ် ဂီတာဖေးအသင်းထံ အခုနှစ် ဘောလုံးရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ လာဇီယိုအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာကြောင့် ဂီတာဖေးအသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ရတာပါ။ ဂရင်းဝုဒ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာချိန်မှာ ဂီတာဖေးအသင်းပရိသတ်တွေဟာ အားကစားကွင်းအပြင်ဘက်မှာ အောင်ပွဲခံနေကြတာလည်းဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာတော့ ယူနိုက်တက်အသင်းထံ ပြန်လာရမယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

အသက် ၂၁ နှစ်အရွယ်ရှိ ကစားသမားဟာ စွဲချက်တင်ခံထားရတဲ့ အမှုတွေအားလုံးကနေ ဖေဖော်ဝါရီလက လွတ်မြောက်ခဲ့ပေမယ့် အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခံရပြီးနောက်(၆)လအကြာမှာ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာမယ်လို့ ယူနိုက်တက်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းရဲ့ကြေညာချက်ထွက်လာအပြီးမှာ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းအများအပြားက ချိတ်ဆက်မှု တွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဂီတာဖေးအသင်းက အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ ဂီတာဖေး အသင်းဟာ ဂရင်းဝုဒ်အတွက် ယူနိုက်တက်အသင်းကို အငှားခေါ်ယူကြေးပေးရမှာမဟုတ်ပေမယ့် ကစားသမားရဲ့ လုပ်အားခအနည်းငယ်ကိုတော့ ပေးချေရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက “ဒီအပြောင်းအရွှေ့က ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝကို ပြန်ပြီးတည်ဆောက်နိုင်မှာပါ။ ဒီ အကူးအပြောင်းကာလအတွင်းမှာ ကလပ်အနေနဲ့ ဂရင်းဝုဒ်နဲ့ သူ့ရဲ့မိသားစုကို ဆက်လက်ပြီး ထောက်ပံ့ပေးသွား ဦးမှာပါ” လို့ ပြောခဲ့တာပါ။

အသက် ၁၇ နှစ်အရွယ် ၂၀၁၉ ခုနှစ်မှာ ယူနိုက်တက်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပွဲပေါင်း ၁၂၉ ပွဲပါဝင်ကစားခဲ့ပြီး ၃၅ ဂိုးသွင်းယူခဲ့တာပါ။ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ် ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။

Source:BBC