CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

ဘာစီလိုနာအသင်းဟာ အသလက်တီကိုအသင်း တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အခုနှစ် ဘောလုံးရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူလိုက်ပြီး အပြီးသတ် ဝယ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းမှာ အငှားလာရောက်ကစားခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ သူ့ကို လန်ဒန်ကလပ်က အပြီးသတ် မခေါ်ယူခဲ့တာကြောင့် အသလက်တီကိုအသင်းထံ ပြန်လာရတာပါ။

ပေါ်တူဂီကစားသမားဟာ အသလက်တီကိုအသင်းမှာ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့အတွက် အခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် တစ်ပွဲမှ ပါဝင်မကစားခဲ့ရဘဲ အရန်ကစားသမားအဖြစ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂျာအိုဖီးလစ်ဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ သူကစားချင်နေတဲ့ ဘာစီလိုနာ အသင်း ထံ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ဂျာအိုဖီးလစ်ဟာ အခုရာသီ အစောပိုင်းက ဖာဘရီဇီယိုရိုမန်နိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာစီလိုနာက သူ့ရဲ့ ပထမဆုံး ရွေးချယ်မှုဖြစ်ပြီး ဒီအသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။ 

အသလက်တီကိုမှာ ဂျာအိုဖီးလစ် ကစားနေစဉ်

အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဂျာအိုဖီးလစ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာချိန်မှာ သူ့အိပ်မက်တွေ အမှန် တကယ် ဖြစ်လာပြီလို့ ရေးသားခဲ့တာပါ။

၂၀၁၉ ခုနှစ်က ဘင်ဖီကာအသင်းကနေ ပေါင် ၁၁၄ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ အသလက်တီကို အသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၄ ဂိုးသွင်းယူကာ ၁၈ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဂျာအိုဖီးလစ်နဲ့အတူ မန်စီးတီး အသင်းနောက်ခံလူ ကန်ဆယ်လိုကိုလည်း ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ စက်တင်ဘာ ၃ ရက်မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲမှာ ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: Daily Mail