CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂ 

တိုက်စစ်မှူးသစ် ဟော့ဂျ်လန်းဟာ ယူနိုက်တက်ကစားသမားဘဝပွဲဦးထွက်အဖြစ် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “သူဟာ ရက်သတ္တပတ်လောက် ကောင်းမွန်တဲ့လေ့ကျင့်ရေး ရှိခဲ့ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သလို တုံ့ပြန်မှုတွေကလည်း ကောင်းမွန်တဲ့အတွက် အာဆင်နယ်အသင်းနဲ့ပွဲမှာ ပါဝင်မှာပါ”လို့ ဟော့ဂျ်လန်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။

ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဟာ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ မစတင်ခင်က အတ္တလန်တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် နောက်ကျောဒဏ်ရာကြောင့် ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးပါဘူး။ ဟော့ဂျ်လန်းဟာ လက်ရှိအချိန်မှာဒဏ်ရာကနေ သက်သာလာပြီဖြစ်သလို လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အတွက် အာဆင်နယ် အသင်းနဲ့ပွဲမှာ ယူနိုက်တက်အတွက် စတင်ပါဝင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ ခေါ်ယူထားတဲ့ နောက်ခံလူ ရယ်ဂီလွန်နဲ့ ဂိုးသမား ဘာယင်းဒယ်တို့ဟာ အာဆင်နယ်အသင်းနဲ့ ပွဲအတွက် အသင်းလူစာရင်းမှာပါဝင်မယ်လို့ နည်းပြ အဲရစ်တန် ဟတ်က ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်က “ရယ်ဂီလွန်က အတွေ့အကြုံရှိတဲ့ကစားသမားဖြစ်ပြီး အသင်းကြီးတွေမှာ ကစားခဲ့တာပါ။ သူ့မှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းတွေရှိပြီး သူ့ကို ရရှိခဲ့တဲ့အတွက် ကျနော်ပျော်ရွှင်ပါတယ်။ ဂိုးသမား ဘာယင်းဒယ်ကလည်း အသင်းရဲ့လူစာရင်းမှာ ပါဝင်မှာပါ။ အခုကျနော်တို့မှာ တောင့်တင်းတဲ့ ဂိုးသမား အစုအဖွဲ့ရှိနေပြီဖြစ်ပြီး သူရောက်လာတာက ကျနော်တို့အတွက် ကောင်းပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ရယ်ဂီလွန်၊ဘာယင်းဒယ်တို့အပြင် အမ်ရာဘတ်နဲ့ နောက်ခံလူဟောင်း အီဗန်စ်တို့ကိုလည်း ခေါ်ယူနိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းနဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ် ၃ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ် ထွက်ပေါ်ထားပါတယ်။

Source:ChannelNewsAsia