CNI Spor News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉

လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ရာသီသစ် ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်းရရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မိုက်ကယ်အိုဝင်က “အာဆင်နယ်နဲ့ မန်စီးတီးက လူတိုင်းနီးပါးခန့်မှန်းသလို ထိပ်ဆုံး ၄ သင်းထဲရှိမှာဖြစ်ပြီး လီဗာပူးလ်လည်း ဒီအထဲမှာရှိမယ်လို့ထင်ပါတယ်။ ဒီရာသီမှာ ကြီးမားတဲ့အံ့အားသင့်စရာတွေဖြစ်မယ်လို့လည်း ကျနော်ထင်ပါတယ်။ ကျနော်ကတော့ အာဆင်နယ်က ပထမ၊လီဗာပူးလ်က ဒုတိယ၊အက်စတွန်ဗီလာက တတိယ နဲ့ မန်စီးတီးက စတုတ္ထနေရာရပ်တည်မယ်လို့ထင်ကြောင်း”ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက်ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထား ကနေ ဒုတိယနေရာသာ ရရှိကာ မန်စီးတီးအသင်းကို ဆုဖလားပေးခဲ့ရတာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ဆုဖလားရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ရာသီက အငှားနဲ့ခေါ်ယူခဲ့တဲ့ ဂိုးသမားဒေးဗစ်ရာယာကို အပြီးသတ်ခေါ်ယူခဲ့ပြီး အီတလီနောက်ခံလူ ကာလာဖီအိုရီကို ထပ်မံအားဖြည့်ခဲ့တာပါ။ 

လန်ဒန်ကလပ်ဟာ ဆိုစီဒက်ကွင်းလယ်လူ မယ်ရီနိုကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းကတော့ ဒီအပြောင်းအရွှေ့မှာ ဆာဗင်ဟိုတစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို အသလက်တီကိုထံ ရောင်းချဖို့ သဘောတူညီမှုရရှိထားတာပါ။ 

လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက် ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီး စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

မိုက်ကယ်အိုဝင်ကတော့ ရာသီသစ်မှာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်မှာ ကြီးစိုးနေတာကို အဆုံးသတ်မယ်လို့ ယုံကြည်နေတာပါ။ 

ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်မတိုင်ခင် ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ သြဂုတ် ၁၀ ရက်မှာ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source:Metro