CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉

ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်က ဆော်ဒီအပြောင်းအရွှေ့ကို ပယ်ချလိုက်ပြီး စပါးအသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။ 

ရစ်ချာလီဆန်က “ဆော်ဒီဆီကနေ ကမ်းလှမ်းမှုကို ရရှိထားပေမယ့် ဘရာဇီးလ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ကျနော့်ရဲ့အိပ်မက်က ပိုကျယ်လောင်ပါတယ်။ ပိုက်ဆံက ကြီးမားပေမယ့် ကျနော့်အိပ်မက်တွေက ပိုကြီးပါတယ်”လို့ ESPN Brazil နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ရစ်ချာလီဆန်ဟာ ၂၀၂၂ ခုနှစ်နွေရာသီက အဲဗာတန်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ စပါးအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိ ရစ်ချာလီဆန်ဟာ စပါးအသင်း အတွက် ၆၆ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက နည်းပြ ပိုစတီကိုဂလူးလက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့တာပါ။ 

ဆော်ဒီကလပ်တွေရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ရစ်ချာလီဆန်နဲ့ စပါးအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေပြီး မကြာသေးခင်က သူ့ကို အမည်ဖော်ပြထားခြင်းမရှိတဲ့ ကလပ် အသင်းတစ်သင်းက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ 

စပါးအသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆိုလန်ကီကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။ 

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆိုလန်ကီဟာ ပြီးခဲ့တဲ့ ရာသီက ဘုန်းမောက်အသင်းအတွက် ၄၂ ပွဲကစားပြီး ၂၁ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းက သူ့ကို ဆက်ပြီးထိန်းသိမ်းချင်နေတာဖြစ်ပါတယ်။ 

ဆိုလန်ကီနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက် သိမ်းကြေး ပေါင် ၆၅ သန်းပါဝင်နေပေမယ့် စပါးအသင်းက ဒီပြောင်းရွှေ့ကြေး ပမာဏပေးချေဖို့ မရှိတာပါ။ 

စပါးအသင်းဟာ ရာသီကြိုခြေစမ်းပွဲနောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၁၀ ရက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source:BBC