CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌ ဆက်ဖာရင်က ဥရောပပြိုင်ပွဲတွေမှာ ဆော်ဒီကလပ်အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ထင်ကြေးတွေကို ငြင်းပယ်သွားခဲ့ပါတယ်။

ဆက်ဖာရင်က “ဥရောပအသင်းတွေသာ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ ပြီးတော့ ဥရောပဘောလုံးအဖွဲ့ချုပ်တွေပဲ အိမ်ရှင်အဖြစ်လျှောက်ထားနိုင်ပါတယ်။ ကျနော် တို့ဟာ စည်းမျဉ်းတွေအားလုံးပြောင်းရမယ့် အရာကိုလုပ်သွားမှာမဟုတ်ပါဘူး” လို့ L'Equipe ကို ပြောခဲ့တာပါ။

ဆော်ဒီကလပ်အသင်းတွေဟာ နွေရာသီအပြောင်းအရွှေ့မှာ နေမာ၊ဘန်ဇီမာ၊မာနေး၊ မာရက်ဇ်အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူပြီး လိဂ်ကို ကမ္ဘာ့အဆင့်ဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ဆော်ဒီကလပ်အသင်းတွေဟာ အနာဂတ်မှာ ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် မျှော်လင့်နေကြ ပေမယ့် ဆက်ဖာရင်ကတော့ ဒါတွေကို ပယ်ချသွားခဲ့တာပါ။ ဒါ့အပြင် ဆော်ဒီလိဂ်ဟာ တရုတ်နဲ့ ပုံစံချင်း တူညီတယ်လို့လည်း ပြောခဲ့ပါတယ်။

ဆက်ဖာရင်က “ဆော်ဒီလိဂ်ရဲ့လုပ်ဆောင်မှုတွေဟာ ကျနော်တို့ကို ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ တရုတ် နိုင်ငံတုန်းကလည်း ဒီလိုမျိုးပုံစံချင်းတူညီတဲ့ ချဉ်းကပ်မှုမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဟာ ကစားသမား ဘဝအဆုံးသတ်တော့မယ့်သူတွေကို ငွေကြေးအများကြီးပေးပြီး ခေါ်ယူခဲ့ပါတယ်။ ဒီလိုတွေကြောင့် တရုတ် ဘောလုံးလောကဟာ ဖွံ့ဖြိုးလာခြင်းမရှိသလို ကမ္ဘာ့ဖလားခြေစစ်ပွဲတောင် မအောင်မြင်တော့ပါဘူး။ ဒါတွေက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။

တရုတ်စူပါလိဂ်ဟာ အောင်မြင်ခြင်းမရှိခဲ့ပေမယ့် ဆော်ဒီပရိုလိဂ်ကတော့ သူတို့နဲ့ပုံစံချင်းမတူဘဲ ရေရှည် ရင်းနှီး မြှုပ်နှံနိုင်ဖို့ စီစဉ်ထားတာကြောင့် ကွဲပြားခြားနားမှုရှိတယ်လို့ ဆော်ဒီလိဂ်အကြီးအကဲတွေက ပြောထားပါတယ်။