CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁

အင်္ဂလိပ်ဘောလုံးပြိုင်ပွဲတွေမှာ အချိန်ဆွဲကစားတာကို ရှောင်ရှားနိုင်ဖို့အတွက် အခုနှစ်ဘောလုံးရာသီက စတင်ပြီး နာကျင်အချိန်ပိုစည်းမျဉ်းအသစ်တွေကို အသုံးပြုနေတာက အဓိပ္ပါယ်မဲ့ပြီး ယူအီးအက်ဖ်အေပြိုင်ပွဲတွေမှာ အသုံးမပြုဘူးလို့ အကြီးအကဲတစ်ဦးဖြစ်သူ ဘိုဘန်က ပြောလိုက်ပါတယ်။

ဘိုဘန်က “ဒါက လုံးဝကို အဓိပ္ပါယ်မဲ့ပါတယ်။ ကျနော်တို့ဟာ အချိန်ပို ၁၂ မိနစ်၊ ၁၃ မိနစ်နဲ့ ၁၄ မိနစ်ပေးလိုက်ရင် ကစားသမားတွေအတွက် ကြီးမားတဲ့ ကြေကွဲစရာတွေဖြစ်နိုင်ပါတယ်။ ပွဲချိန် ၆၅ မိနစ်လောက်ကစားပြီးရင် ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ကျနော့်ရဲ့ အတွေအကြုံအရ ပြောရရင် ပင်ပန်းလာတဲ့အချိန်မှာ နောက်ထပ် ကစားဖို့က မိနစ် ၃၀ ပဲရှိတော့တယ်။ အခုအချိန်ပိုထပ်ပြီး ပေးတဲ့အပေါ် ဝေဖန်နေကြတဲ့ ကစားသမားတွေနဲ့ နည်းပြတွေရဲ့ စကားကို သူတို့နားမထောင်ကြပါဘူး။ ကျနော်တို့ကတော့ ဒီလိုမျိုးမလုပ်ဘူး” လို့ ပြောခဲ့တာပါ။

ဖီဖာက ပြီးခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ နာကျင်အချိန်ပိုမိနစ်တွေ အများကြီး ပေးပြီး နောက် အင်္ဂလန်ဒိုင်လူကြီးများအဖွဲ့ကလည်း လူစားလဲတာ၊ ဂိုးသွင်းပြီးအောင်ပွဲခံတာနဲ့ ဒဏ်ရာရတဲ့ အချိန်တွေမှာ ဆုံးရှုံးသွားတဲ့ အချိန်အတိအကျကို နာကျင်အချိန်ပိုမှာ ပေါင်းထည့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အခုနှစ်ရာသီ အင်္ဂလန်ဘောလုံးပွဲတွေရဲ့ ကစားချိန်ဟာ မိနစ် ၁၀၀ ကျော်လွန်နေခဲ့တာပါ။

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်း၊ ယူနိုက်တက်အသင်းနောက်ခံလူ ဗာရန်းတို့အပါအဝင် နည်းပြတွေနဲ့ ကစားသမားတွေဟာ ဒီစည်းမျဉ်းအသစ်ကြောင့် ကစားသမားတွေအနေနဲ့ ပိုပြီးထိခိုက်နိုင်စေတယ်လို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေကတော့ သူတို့လက်အောက်မှာရှိတဲ့ ပြိုင်ပွဲတွေမှာ ကစားသမားတွေကို ထိခိုက်စေမယ့် နာကျင်အချိန်ပို မိနစ်အများကြီးပေးတာကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့ ဒိုင်လူကြီးအကြီးအကဲ ရိုဆက်တီက “နာကျင်အချိန်ပိုတွေရဲ့ တိကျမှုထက် ပိုပြီး အရေးကြီး တာရှိပါတယ်။ ချန်ပီယံလိဂ်ကို လူတွေက ဘာကြောင့် အရမ်းကြိုက်ကြတာလဲ။ ပွဲတွေက တကယ်ကို အကြိတ် အနယ်ရှိပြီး ကစားသမားတွေကလည်း ဘယ်တော့မှရပ်မနေကြပါဘူး။ နာကျင်အချိန်ပိုကို အာရုံစိုက်နေမယ့်အစား ပွဲကို အမြန်ဆုံးပြန်စတင်နိုင်ဖို့ကို ဒိုင်လူကြီးတွေထံ ကျနော်တို့ ပြောထားပါတယ်”လို့ ပြောခဲ့ပါတယ်။ 

Source:ChannelNewsAsia