CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ယူကရိန်းကလပ်ရှက်တာဒိုးနက်အသင်းဟာ ဆုံးရှုံးသွားခဲ့တဲ့ ပြောင်းရွှေ့ကြေးတွေအတွက် နစ်နာကြေး ယူရို သန်း ၅၀ ပေးဖို့ ဖီဖာဆီကနေ တောင်းဆိုလိုက်ပါတယ်။

ရှက်တာဒိုးနက်အသင်း အမှုဆောင် အရာရှိချုပ် ဆာဂျီပယ်လ်ကင်က “ဖီဖာရဲ မျှတမှုမရှိတဲ့ စီရင်ချက်ကြောင့် ကျနော်တို့ ဒီလိုလုပ်ခဲ့ရတာပါ။ ဒီအကျိုးဆက်တွေကြောင့် ကျနော်တို့ဟာ ဝင်ငွေအများအပြားကို ဆက်ပြီး ဆုံးရှုံးနိုင်ပါတယ်။ယူကရိန်း ကလပ်တွေ စစ်ပွဲနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မီးမောင်း ထိုးပြလိုပါတယ်။ ဖီဖာက ဒီကလပ်တွေအပေါ်မှာ လေးစားမှုအနည်းငယ်သာရှိပါတယ်။ဖီဖာက ကလပ်တွေအပေါ်မှာ အကာအကွယ် ပေးဖို့ မစဉ်းစားထားသလို အဖြေရှာဖို့လည်း ကျနော်တို့နဲ့ မတိုင်ပင်ခဲ့ပါဘူး။ သူတို့တွေဟာ စစ်ပွဲအစကတည်းက ယူကရိန်းကလပ်တွေရင်ဆိုင်နေရတဲ့ အန္တရာယ်ရှိတဲ့အခြေအနေတွေကို လျစ်လျူရှုထားပုံရတယ်”လို့ ပြောခဲ့တာပါ။

ရုရှားရဲ့ကျူးကျော်မှုကိုခံရအပြီးမှာ ယူကရိန်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသားကစားသမားတွေအနေနဲ့ သူတို့ရဲ့ စာချုပ်တွေကို ရပ်ဆိုင်းနိုင်ကြောင်း ဇွန်လထဲမှာ ဖီဖာက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီး ရှက်တာဒိုး နက်အသင်းဟာ အားကစားခုံရုံးကို အယူခံဝင်ခဲ့တာပါ။ရှက်တာဒိုးနက်အသင်းဟာ ချန်ပီယံလိဂ်ပုံမှန် ကစားခွင့် ရနေတာဖြစ်ပြီး ဖီဖာရဲ့စီရင်ချက်ကြောင့် ကစားသမားတွေရဲ့ စာချုပ်ကို ရပ်ဆိုင်းလိုက်ရတဲ့အတွက် အသင်းက ထွက်ခွာခဲ့တဲ့ ကစားသမား ၄ ဦးအတွက် ဝင်ငွေတွေဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါကစားသမား ၄ ဦးထွက်ခွာခဲ့တာကြောင့် ရှက်တာဒိုးနက်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နီးပါး ဆုံးရှုံးသွားခဲ့တာပါ။ဖီဖာက ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြီး သဘောတူညီမှုမရခဲ့ဘူးဆိုရင် နိုင်ငံခြားသား ကစား သမားတွေနဲ့ နည်းပြတွေဟာ ယူကရိန်းကလပ်တွေနဲ့ချုပ်ဆိုထားတဲ့ သူတို့ရဲ့စာချုပ်တွေကို ၂၀၂၃ ဇွန်လ ၃၀ ရက် အထိ ရပ်ဆိုင်းထားနိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းဟာ သူတို့ဆုံးရှုံးသွားခဲ့တဲ့ ဝင်ငွေ တွေကို ကာမိစေဖို့အတွက် အသင်းမှာရှိတဲ့ နိုင်ငံခြားသား ၁၄ ဦးထဲက အချို့ကို ရောင်းချထားဖို့ ရည်ရွယ်ထားတာပါ။

ဆာဂျီပယ်လ်ကင်က “ဖီဖာဆီက တုံ့ပြန်မှုတစ်စုံတစ်ရာမရှိရင်တော့ တရားရုံးတွေဆီကနေ နစ်နာကြေး တောင်းခံ တာကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး။ဖီဖာကနေ ယူကရိန်းကလပ်တွေအတွက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ပံ့ပိုးကူညီ မှုတွေလိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ယူကရိန်းထိပ်တန်းလိဂ်ပွဲစဉ်တွေဟာ စစ်ပွဲ ဖြစ်ပွားနေတဲ့အတွက် ဧပြီလ ၂၇ ရက်မှာ ရပ်နားခဲ့တာပါ။

အခုနှစ်ရာသီအတွက် ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို သြဂုတ်လ ၂၃ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး ပရိသတ်တွေကိုတော့ ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ နိုင်ငံရဲ့ အားကစားဝန်ကြီးက ပြောထားခဲ့ပါတယ်။

Source:BBC