CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ဒေါ့မွန်တိုက်စစ်မှူးသစ် ဟော်လာဟာ ဝှေးစေ့မှာ အကျိတ်တွေ့ခဲ့ရလို့ ရာသီကြိုအတွက် ပြင်ဆင်နေတဲ့အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဂျာမန်ကလပ်ဟာ အခုနွေရာသီအပြောင်းအရွှေ့ကမှ ဟော်လာကို အေဂျက်စ်အသင်းကနေ ယူရို ၃၁ သန်းနဲ့ ဝယ်ယူထားပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ဟော်လာဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်မှုအပြီးမှာ နေထိုင်မကောင်းဘူးဆိုပြီး ညဉ်းညူခဲ့တာကြောင့် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှ ဝှေးစေ့အကျိတ်ကို တွေ့ရှိခဲ့တာလို့ ဒေါ့မွန်အသင်းက ပြောခဲ့တာဖြစ်ပါတယ်။လာမယ့်ရက်ပိုင်းအတွင်းမှာ ဟော်လာကို နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဦးမှာပါ။

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဟာ ဝှေးစေ့မှာ အကျိတ်တွေ့ခဲ့တဲ့ အခြေအနေကြောင့် ဒေ့ါမွန်အသင်း အတွက် ပွဲကစားနိုင်ဦးမှာမဟုတ်ဘဲ ရက်အကန့်အသတ်မရှိ အနားယူရမှာဖြစ်ပါတယ်။ “ဒီသတင်းဟာ ဟော်လာနဲ့ တခြားလူတွေအားလုံးကို ထိတ်လန့်တုန်လှုပ်စေပါတယ်။ဟော်လာအနေနဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကုသမှုတွေကို အကောင်းဆုံးခံယူနိုင်ဖို့ ကျနော်တို့ဘက်က အကောင်းဆုံးလုပ်ဆောင်ပေးသွားမှာပါ”လို့ ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ ဆီဘတ်စတီယန်ခါးလ်က ပြောခဲ့တာပါ။

ဒေါ့မွန်အသင်းဟာ ကစားသမားနဲ့ သူ့ရဲ့မိသားစုတို့ကို မေးခွန်းတွေ မမေးကြဖို့ တောင်းဆိုထားခဲ့ပြီး နောက်ထပ် အချက်အလက်တွေရတာနဲ့ ကစားသမားနဲ့တိုင်ပင်ကာ အကြောင်းကြားသွားမယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ဂျာမန်ကလပ်ရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟာလန်းက မန်စီးတီးအသင်းထံ ပြောင်းသွားခဲ့တာ ကြောင့် သူ့ရဲ့နေရာမှာ ဟော်လာကို အစားထိုးခေါ်ယူခဲ့တာပါ။အိုင်ဗရီကို့စ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အေဂျတ်စ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဇူလိုင်လ ၂၂ ရက်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ကစားမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ဂျာမန်ပိုကယ်လ်ဖလားပွဲစဉ်အဖြစ် ၁၈၆၀ မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Talksport