CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ရုရှားတင်းနစ်မယ် ကာဆတ်ကီနာက သူမဟာ လိင်တူချစ်သူဖြစ်ကြောင်း ပြောလိုက်ပြီး လိင်တူဆက်ဆံခြင်း အပေါ် နိုင်ငံရဲ့ သဘောထားကိုလည်း ဝေဖန်ခဲ့ပါတယ်။

ကာဆတ်ကီနာက “သူတို့ ပြောနေသလိုပဲ ဗီရိုထဲမှာ နေထိုင်ရတာက အဓိပ္ပါယ်မရှိပါဘူး။တစ်ခုခု မပြောမချင်း ခင်ဗျားခေါင်းထဲမှာ အမြဲတမ်းချာချာလည်နေပါလိမ့်မယ်။ဘယ်လိုဖွင့်ပြောရမလဲဆိုတာကို လူတိုင်းက ဆုံးဖြတ် ပါတယ်”လို့ ပြောခဲ့တာပါ။ ဒါ့အပြင် အသက် ၂၅ နှစ်အရွယ်ရှိ တင်းနစ်မယ်က ရုရှားနိုင်ငံမှာ တားမြစ်ထားတဲ့ အကြောင်းအရာတွေအများကြီးရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

“အားကစားမှာ အရေးပါအရာရောက်တဲ့သူတွေ ဒါမှမဟုတ် တခြားနယ်ပယ်တစ်ခုခုက ဒီကိစ္စကို တကယ်ပြောဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။လူငယ်တွေအတွက် အရေးကြီးပါတယ်။သူတို့တွေဟာ လူမှုအသိုက်အဝန်းမှာ ဆက်ဆံနေရတာကို အခက်တွေ့နေပြီး ပံ့ပိုးကူညီမှုတွေလိုအပ်နေတဲ့သူတွေပါ”လို့ ပြောခဲ့တာပါ။သူမဟာ ဒီလို ပြောထားတဲ့ရုပ်သံကို လွှင့်တင်ပြီး နာရီပိုင်းအကြာမှာ အခြားအမျိုးသမီးတစ်ဦးနဲ့ ပွေ့ဖက်နေတဲ့ပုံကို အင်စတာ ဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့က ရုရှားလွှတ်တော်အမတ်တွေဟာ အများပြည်သူနယ်ပယ်မှာ သမားရိုးကျမဟုတ်တဲ့ လိင်ဆက်ဆံမှု ဆိုင်ရာ ဆွေးနွေးမှုတွေကို ပိတ်ပင်ဖို့ အဆိုပြုခဲ့ပြီးနောက် ကာဆတ်ကီနာရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ကာဆတ်ကီနာက ရုရှားနိုင်ငံဟာ လိင်တူဆက်ဆံတာ ကို ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့အပေါ် ့သြစရာမရှိဘူးလို့လည်း ပြောခဲ့ပါတယ်။ရုရှားနိုင်ငံဟာ လိင်တူချစ်သူတွေနဲ့ ပတ်သက်လို့ ဝါဒဖြန့်တဲ့ ဥပဒေကို ၂၀၁၃ က စတင်ကျင့်သုံးခဲ့ကာ လိင်တူချစ်သူ အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

စစ်ပွဲတွေအမြန်ဆုံးပြီးဆုံးဖို့ အခုအချိန် သူမဘဝမှာ အလိုချင်ဆုံးအရာဖြစ်တယ်လို့လည်း ကာဆတ်ကီနာက ပြောခဲ့တာဖြစ်ပါတယ်။ကာဆတ်ကီနာဟာ အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့် ၁၃ နေရာမှာရပ်တည်နေတာ ဖြစ်ပြီး အခုနှစ် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ခြင်းက သူမရဲ့ ဂရမ်းဆလမ်းအမြင့်ဆုံး အောင်မြင်မှုအဖြစ် ရှိခဲ့တာပါ။

Source:DW